တအာင်းတပ်နှင့် ဖြစ်ပွါးသည့် တိုက်ပွဲ၌ စစ်ကောင်စီ အဆိပ်ငွေ့ဗုံးအသုံးပြုခဲ့
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄
ယမန်နေ့က နောင်ချိုမြို့နယ်၊ တောင်ခြေရွာနှင့် မန်မော်ကျေးရွာကြား တအာင်းတပ်နှင့်ဖြစ်ပွါးသည့် တိုက်ပွဲ၌ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့သဖြင့် တအာင်းဘက်မှ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားနေစဉ် နေ့လယ် ၁ နာရီခွဲခန့်တွင် လေကြောင်းဖြင့် အဆိပ်ငွေ့ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တအာင်းတပ်ဘက်မှ မူးဝေခြင်း၊ အသက်ရှုမြန် မောပန်းခြင်း၊ မအီမသာဖြစ်ကာ စိတ်လှုပ်ရှား မြန်ဆန်ခြင်းနှင့် အောက်စီဂျင်ကျခြင်းများအပြင် ၁၀ ဦး ထိခိုက်ဒဏ်ရာရကာ လေးဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
စစ်ကောင်စီသည် တိုက်ပွဲကာလအတွင်း နိုင်ငံတကာတားမြစ်သည့်အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေသည်ဟု တအာင်း(TNLA) က ယနေ့ထုတ်ပြန်သည်။
တအာင်းတပ်နှင့် စစ်ကောင်စီ နှစ်ဘက် အပစ်အခတ်ရပ်စဲရေး မအောင်မြင်သည့်ဆွေးနွေးပွဲအပြီး၌ တအာင်းထိန်းချုပ်ရာ နောင်ချိုဒေသကို စစ်ကောင်စီက ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကို နေ့စဉ်ပြုလုပ်ခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သား ခုနှစ်ဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်အပြင် နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် ၁၁ အိမ်ပျက်စီးခဲ့သည်။
#MeKongNews








