မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၃
ပီအန်အို အထူးဒေသ(၆) အနေဖြင့် ပြည်သူလူလုံခြုံရေးအတွက်ဟုဆိုကာ ဌာနလေးခု၌ အထူးတပ် စစ်အင်အား လေးသောင်း (၄၀၀၀၀) ထားရှိပြီး အရံစစ်အင်အားကို တစ်သိန်း(၁၀၀၀၀၀)ထိ တိုးချဲ့ရန် အစီအစဉ်ရှိသည်။
ထိုပမာဏသည် ယခင်ပြောခဲ့ဖူးသည့် ပမာဏ အောက် ထက်ဝက်ကျော်စလျော့ကျသွားသည်။
ထိုသို့ စစ်အင်အားတိုးချဲ့မှ ပြည်သူလူထုအတွက် လုံခြုံမည်ဟု လူမှုကွန်ရက် အထူးဒေသ(၆)စာမျက်နှာ၌ ယမန်နေ့ကဖေါ်ပြထားသည်။
အထူးဒေသ(၆)သည် ကောင်းမွန်သောအဖွဲ့အစည်း ၊ နိုင်ငံတော်ကို အကျိုးပြုသောအဖွဲ့စည်း၊ လူထုကို လုံခြုံမှုပေးနိုင်သောအဖွဲ့စည်း ဖြစ်လာစေရေးအတွက် အုပ်ချုပ်ရေးကို သေသေသပ်သပ် စီမံခန့်ခွဲခြင်း၊ စနစ်တကျဆောင်ရွက်ခြင်း၊ ကျစ်လစ်ခိုင်မာသော ဖွဲ့စည်းပုံကို ရေးဆွဲခြင်းစသော လူထုအခြေပြု ကိစ္စရပ်များကို ဆောင်ရွက်ထားရမည်ဟုလည်းဖေါ်ပြထားသည်။
အမာခံစစ်အင်အား လေးသောင်းနှင့် အရံအင်အားတစ်သိန်းသည် ယခင်ပြောခဲ့ဖူးသော စစ်အင်အားအောက် လျော့ကျသွားခြင်းဖြစ်သည်။ ယမန်နှစ်ကပြောဆိုရာတွင် စစ်အင်အား လေးသိန်းအထိတိုးချဲ့နိုင်ရေး စီစဉ်ပြင်ဆင်နေသည်ဟု ပီအန်အို၏ ထိပ်ပိုင်းအရာရှိတစ်ဦးကပြောကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာဖြစ်သည့် NP News က လ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်တွင်ဖေါ်ပြထားသည်။
သတင်းများအရ တပ်သားသစ်များကို ၅ ရက်ခန့် ရက်တိုစစ်သင်တန်းပေးနေသော ပီအန်အိုသည် ၂၀၂၁ ခုနှစ်၊ အာဏာမသိမ်းခင်က အင်အားထောင်ဂဏန်းမျှရှိရာမှ ယခု ၂၀၂၅ ခုနှစ်အရောက်တွင် စစ်သားအင်အား လေးသောင်းနှစ်ထောင်ကျော်အထိတိုးပွါးလာသည်။
အနီးစပ်ဆုံးအနေဖြင့် ယခုလ ၁၁ ရက်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေကုန်းကျေးရွာအုပ်စု၌ တပ်သားသစ်အင်အား ၈၀၀ နှင့် သင်တန်းဆင်းပွဲပြုလုပ်အပြီး စစ်အင်အား လေးသောင်းနှစ်ထောင်ကျော်လာသည်။
ပီအန်အို၏ အခြေခံစစ်သင်တန်းကာလသည် ၅ ရက်မှ အများဆုံး ၁၅ ရက်အထိသာဖြစ်၍ အရပ်သားများကို စစ်ယူနီဖေါင်းပေးဝတ်ကာ စစ်ဝတ်တန်ဆာဆင်သည့် အဆင့်ဖြစ်၍ ဒေသတွင်းပြည်သူအတွက် အန္တရာယ်ကြီးမားလာမည်ဟု ပအိုဝ်းအရပ်ဘက်နှင့်စစ်ဘက်ကယူဆကြသည်။
သတင်းများတွင် ရပ်ရွာများကို ဖိအားပေးကာ စစ်သားစုဆောင်းနေပြီး ရက်တိုသင်တန်းပေးကာ ပီအန်အို အင်းအားတိုးချဲ့လာသည်ဆိုသော ရေးသားပြောဆိုချက်များကို ဖေဖေါ်ဝါရီ ၁၂ ရက်တွင် မဲခေါင်နှင့် စကားပြောခဲ့သည့် ပီအန်အို၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခွန်သန်းကြွယ်က ငြင်းဆန်ခြင်းမပြုသလို ဟုတ်ပါသည်ဟု ဝန်ခံအတည်ပြုခြင်းလည်းမရှိပေ၊ သို့သော်လည်း စစ်သင်တန်းသဘောမျိုး ကိုယ်ခံပညာသင်ပေးတာဟု ပအိုဝ်းဘာသာစကားဖြင့်ပြောသည်။
သူက “သူတစ်ပါးကို ထိခိုက်အောင်လုပ်ဖို့ မဟုတ်ဘူး၊ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ဖို့ပဲ” ဟုပြောသည်။
ပီအန်အိုအနေဖြင့် ပအိုဝ်းပြည်သူလူထု ထိခိုက်နစ်နာမှုမရှိရေးနှင့် ကိုယ့်ရပ် ကိုယ့်ရွာ၌နေထိုင်သည့် လူမျိုးပေါင်းစုံထိခိုက်နစ်နာမှုမရှိရေးအတွက် စစ်သင်တန်းပေးခြင်းဖြစ်သလို ဒေသခံများ တောင်းဆိုချက်အရ အခုလို စစ်သင်တန်းပြုလုပ်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးခွန်သန်းကြွယ်ကပြောသည်။
ပီအန်အို၏ တုန့်ပြန်ချက်နှင့်ပတ်သက်ပြီး ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ပြောရေးဆိုခွင့်ရှိသူက “ရှေ့တန်း မသွားရဘူး၊ ကိုယ်ဒေသမှာ လုံခြုံရေးယူရမယ်တဲ့၊ တကယ်လက်တွေ့မှာတော့ ရှေ့တန်းပို့ခံရ၊ အခြားဒေသကို ပို့ခံရ၊ သေဆုံးမှုမြင့်တက်တာတွေ အများကြီးဖြစ်ပေါ်နေတယ်” ဟုပြောသည်။
အခြေခံစစ်ပညာသည် ရက်တိုသင်တန်းပေးရုံဖြင့် လုံလောက်နိုင်လား
ကိုယ့်ရပ် ကိုယ့်ရွာကာကွယ်ရေးအတွက်ဟုဆိုသော်လည်း ရခိုင်ပြည်နယ်၌ AA နှင့်တိုက်ခိုက်သည့် စစ်ကောင်စီဘက်တွင် ပီအန်အို၏ ပအိုဝ်းစစ်သားများစွာပါဝင်နေပြီး တိုက်ပွဲ၌ သေဆုံးခြင်းများလည်းရှိနေသလို ဒေသတွင်း၌လည်း ပအိုဝ်းတော်လှန်ရေးတပ်များနှင့် တိုက်ခိုက်ရာတွင်လည်း ရက်တိုသင်တန်းဆင်းများ များပြားစွာသေဆုံးနေသည်ကိုကြည့်လျှင် အခြေခံစစ်ပညာလုံလောက်စွာမရခြင်းကြောင့်ဟု ကောက်ချက်ချကြသည်။
အခြေခံစစ်သင်တန်းသည် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(ခမ်းကောင်- PNDF KK)ကဲ့သို့ တော်လှန်ရေးတပ်များသည်ပင် အနည်းဆုံး ၄၅ ရက်မှ သုံးလအထိကြာမြင့်သည်ဟု ထိုတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ဘဂျမင်ကပြောသည်။
အခြေခံစစ်ပညာရပ်တွင် ၅ ရက်ဟူသည့်အတိုင်းအတာသည် ဘယ်ညာတန်းညှိခြင်းနှင့် လက်နက်ငယ် ဖြုတ်ခြင်း တပ်ခြင်းကိုပင် ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ဆောင်နိုင်သည့်အဆင့်မရှိသေးချေ။ အခြေခံစစ်သင်တန်းသည် အနည်းဆုံး သုံးလခန့် ရှိဖို့လိုအပ်သည်ဟု ယူဆချက်များရှိသော်လည်း အတိအကျ သတ်မှတ်ချက်ရှာမတွေ့ပေ။
ရက်တိုသင်တန်းကြောင့် မည်သို့သောသက်ရောက်မှုမျိုးဖြစ်ပေါ်လာနိုင်သလဲ
စစ်အင်အားတိုးပွါးရေးတစ်ခုတည်းအတွက် ဒေသခံများကို ဖိအားပေးစုဆောင်းထားသည့် တပ်သားသစ်များကို ၅ ရက်သင်တန်းပေးပြီး တိုက်ပွဲဝင်ဖို့ ရှေ့တန်းကိုစေလွှတ်သည့်အခါ အကျအဆုံးများပြားသည်ကို ကြားသိမြင်တွေ့နေရကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(ခမ်းကောင်- PNDF KK)၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ဘဂျမင်က ပြောသည်။
“ကျွန်တော်တို့ ပအိုဝ်းလူငယ်နဲ့ ပအိုဝ်းလူမျိုးရဲ့ လူစွမ်းအား အရင်းအမြစ်ဆုံးရှုံးပါတယ်၊ ဒါမျိုးတွေကို ပအိုဝ်းလူထုအနေနဲ့ လက်မခံသင့်ဘူး ၊ နောက်ပြီး အသက်မပြည့်တဲ့သူတွေကို တိုက်ပွဲထဲစေလွတ်တာမျိုး ပိုပြီးဖြစ်လာနိုင်တယ်” ဟု ခွန်ဘဂျမင်က ပြောသည်။
ခွန်ဘဂျမင်ပြောသည့် အချက်သည် ရက်တိုသင်တန်းဆင်းများကိုယ်တိုင်ကြုံတွေ့ရသည့် အခြေအနေများဖြစ်ပြီး ရက်တိုသင်တန်းဆင်းများသည် လက်နက်ကိုင် တစ်ဦးတစ်ယောက် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် စည်းကမ်းများ မသိသည့်အခါ ဒေသတွင်းရပ်ရွာများ၌ ပြည်သူကို လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျခြင်းများ၊ ငွေကြေးကိစ္စများအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်ခြင်းများနှင့် စစ်ရာဇဝတ်မှုများဖြစ်ပေါ်လာနိုင်သည်ဟု ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU)နှင့် ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ကသုံးသပ်ကြသည်။
စစ်အင်အားတိုးပွါးရေးအတွက် မည်သို့မည်ပုံစုဆောင်းသနည်း
ထောင်ဂဏန်း မှ လေးသောင်းနှစ်ထောင်ကျော်အထိ တိုးပွါးလာသည့် စစ်အင်အားစုဆောင်းပုံကိုခြုံငုံကြည့်လျှင် အနိုင်ထက်ပြု ဖိအားပေးလုပ်ဆောင်ခြင်းပေါ်လွင်နေသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တပ်သားသစ်စုဆောင်းပေးရန် ဖိအားပေးခြင်းက စတင်သည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိသည့်လူငယ်များကို စာရင်းကောက်ကာ မဖြစ်မနေ စစ်သင်တန်းတက်ရမည်၊ မတက်ပါက ပီအန်အိုဌာနချုပ်မှ လာရောက်ဖမ်းဆီးမည်ဟု ဖိအားပေးစုဆောင်းသည်ဟု PYO က ပြောသည်။
တပ်သားသစ်စုဆောင်းပုံ နောက်တစ်နည်းအနေဖြင့် စစ်ကောင်စီကကျင့်သုံးသည့် ပြည်သူ့စစ်မှုထမ်းစနစ်သည် ပီအန်အိုအတွက် တပ်သားသစ်အလွယ်တကူရရှိစေသည့် နည်းလမ်းတစ်မျိုးဖြစ်လာသည်။ စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီတပ်၌ စစ်မှုထမ်းပါက တခြားလူမျိုးအတွက်ဖြစ်ပြီး ပီအန်အို၌ စစ်မှုထမ်းပါက မိမိလူမျိုးအတွက်ဖြစ်သည်ပြောဆိုစည်းရုံးသည့်နည်းပင် ဖြစ်သည်။
“ပအိုဝ်းအမျိုးသားရေး ခေါင်းစဉ်အောက်ကနေ ပအိုဝ်းလူထုကို ခေါ်ယူ အသုံးချနေတာမျိုး၊ ဒီနည်းကို သုံးပြီးတော့လည်း စည်းရုံးနေတဲ့ဟာမျိုးကို တွေ့ရတယ်” ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU)မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်၌ စစ်မှုထမ်းပါက တခြားလူမျိုးအတွက်ဖြစ်ပြီး ပီအန်အို၌ စစ်မှုထမ်းပါက မိမိလူမျိုးအတွက်ဖြစ်သည်ပြောဆိုစည်းရုံးခဲ့သော်လည်း ယခု လေသံပြောင်းသွားပြန်သည်။ စစ်ကောင်စီ၌ စစ်မှုထမ်းဖို့အတွက် ပြည်ပရောက် ပအိုဝ်းလူငယ်များ ပြည်တွင်းသို့ ပြန်ဝင်ပြီး စစ်မှုမထမ်းပါက အိမ်ကိုချိတ်ပိတ်မည်ဟု ပီအန်အို၏ခေါင်းဆောင်ပိုင်းလည်းဖြစ်၊ ခရိုနီလည်းဖြစ်သည့် ဦးနေဝင်းထွန်းက ယခုလ ၂၁ ရက်တွင် ဟိုပုန်း ၌ ခြိမ်းခြောက်သံ လွှင့်ထားပြန်သည်။
ပီအန်အိုသည် စစ်ကောင်စီကဲ့သို့ပင် စစ်မှုထမ်းကင်းလွတ်ခွင့်ရယူလိုသူများထံမှ ငွေကြေးရယူခြင်းကိုလည်း လုပ်ဆောင်လေ့ရှိသည်၊ သို့သော်လည်း စစ်မှုထမ်းကင်းလွတ်လိုသူသည် တစ်ကြိမ် တစ်ခါတည်း ငွေပေးရုံဖြင့် လုံးဝစစ်မှုထမ်းကင်းလွတ်သည်မဟုတ်ပဲ စစ်မှုထမ်းဆင့်ခေါ်သည့် အကြိမ်တိုင်း ငွေပေးနေရသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
လူငယ်လူရွယ် တချို့ကလည်း မိမိဆန္ဒသဘောအလျှောက် စစ်အင်အားလိုအပ်နေသည့် ပီအန်အို ပြည်သူ့စစ်ထဲ ဝင်ရောက်ခြင်းများလည်း ရှိသည်။ သို့သော်လည်း ဒေသနှင့် လူမျိုးကိုကာကွယ်လိုသည့် ရည်ရွယ်မဟုတ်ပဲ စီးပွါးရေးကို လက်နက်ကိုင် လုပ်ဆောင်မည်ဆိုသည့် လက်နက်ကိုင်စီးပွါးရေး ရည်ရွယ်ချက်ဖြင့် ဝင်ရောက်သူကများသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ဖို့လည်း ဟုတ်တယ်၊ တချို့ဆို ကားပွဲစားတွေကဝင်ပြီး အကြီးတွေနဲ့ တစ်ခါလောက် ရှေ့တန်းလိုက် လေးငါးလဆိုရင် အတို(ပစ္စတို)ဝယ်ကိုင်ခွင့်ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်ကိုင်စီးပွါးရေးရည်ရွယ်ချက်ဖြင့် ပီအန်အိုထဲဝင်ရောက်သူရှိသလို ပီအန်အို၏ ဝါဒမှိုင်းတိုက်ခံရသည့်လူငယ်များ၊ ရှေ့တန်းထွက် စစ်တိုက်ရသည်ထက် ပြည်သူပိုင် ဥစ္စာပစ္စည်းကို အဓမ္မရယူပြီး ချမ်းသာချင်သူများ၊ ပီအန်အို ပြည်သူ့စစ်ထဲ မဝင်မနေရ အမိန့်ကို မလွန်ဆန်နိုင်သလို တောင်းသည့်ငွေလည်း မပေးနိုင်သူများ ပီအန်အိုထဲဝင်ရောက်ကြသည်ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
ပအိုဝ်းဒေသအလားအလာ
စစ်ကောင်စီ ဩဇာခံနေသမျှ ဖိအားကြောင့် မဖြစ်မနေစစ်သင်တန်းတက်နေရသည့် လူငယ်များ ယခုထက်ပိုပြီး စစ်ရေး၌အသုံးချခံဖြစ်လာနိုင်သလို စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲတွင်လည်း ပအိုဝ်းလူငယ်များကို အသုံးချလာနိုင်သည်ဟု PYO ကယူဆသည်။
စစ်ကောင်စီအလိုကျပြုလုပ်နေသည့် ပီအန်အို၏ ယခုလုပ်ရပ်သည် ပအိုဝ်းဒေသတွင်း၌ နိုင်ငံရေးဘောင်ကျဉ်းမြောင်းလာပြီး စစ်ရေးဘောင်ကျယ်လာနိုင်သည်ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂ (PWU)ကယူဆသည်။
“ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ ပအိုဝ်းလူမျိုးကို စစ်ပုံသွင်းနေတာလို့ မြင်တယ်” ဟု PWU တာဝန်ရှိသူက ပြောသည်။
အသက် ၁၈ နှစ်ကျော် ရက်တိုသင်တန်းဆင်းများအပြင် အသက် ၁၈ နှစ်အောက် ကလေးစစ်သားများကို တိုက်ပွဲများ၌ ပိုမိုအသုံးချလာနိုင်ခြင်း၊ လူအခွင့်အရေး ချိုးဖေါက်ခြင်းများ ပအိုဝ်းဒေသ၌ ပိုမိုဖြစ်ပွါးလာနိုင်သည်ဟု ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(ခမ်းကောင်- PNDF KK)က ယူဆသည်။
သူက “ပအိုဝ်းပြည်သူလူထုကို ပြောချင်တာကတော့ စစ်အာဏာရှင်စနစ်ရှိနေသမျှ ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်ရမှာ မဟုတ်ဘူးပေါ့နော်” ဟု ပြောသည်။
ပီအန်အိုသည် စစ်ကောင်စီကဲ့သို့ ကလေးစစ်သားအသုံးချသည်ဟူသော ထင်ရှားသည့် သာဓကကို ယခုနှစ်၊ ဇန်နဝါရီလတွင်တွေ့ရှိခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအနီးရှိ ပီအန်အိုနှင့် စစ်ကောင်စီ၏ အထိုင်စခန်းတစ်ခုကို ကရင်နီတော်လှန်ရေးအင်အားစုက ယခုနှစ်၊ ဇန်နဝါရီလ ၉ ရက်၊ နံနက် ၅ နာရီကျော်တွင် တိုက်ခိုက်သိမ်းပိုက်သည့်ဖြစ်စဉ်တွင် အသက်၁၃ နှစ်၊ ၁၄ နှစ်အရွယ် ကလေးစစ်သားနှစ်ဦး အပါအဝင် စစ်သုံ့ပန်း ခြောက်ဦး ဖမ်းမိသည့်အပြင် လက်နက်မျိုးစုံ ၃၀ ကို KNDF တပ်ရင်းက သိမ်းဆည်းရရှိခဲ့သည်။ ထိုဖြစ်စဉ်ကိုကြည့်လျှင် ပီအန်အိုသည် အင်အားတိုးပွါးရေးတွင် ကလေးစစ်သားများကိုလည်း အသုံးချနေသည်ကို ပေါ်လွင်နေသည်။
ပအိုဝ်းလူငယ်များအတွက် အကြံပြုချက်
အမာခံစစ်အင်အား လေးသောင်းနှင့် အရံစစ်အင်အား တစ်သိန်းရရှိရေး တက်သုတ်ရိုက် ရက်တိုသင်တန်းပေးပြီး စစ်ဝတ်တန်ဆာဆင်မြန်းနေသည့် ပီအန်အို၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ပအိုဝ်းလူငယ်များအနေဖြင့် စုစည်းပြီး ထွက်ပေါက်ရှာနိုင်ရေး ဆွေးနွေးပွဲများ ပြုလုပ်သင့်သည်ဟု PYO က အကြံပြုသည်။
ပီအန်အို၌ စစ်မှုမထမ်းချင်သော်လည်း အဓမ္မစစ်မှုထမ်းစေခိုင်းခံရသည့် လူငယ်များအနေဖြင့်လည်း စစ်ကောင်စီနှင့် ပီအန်အိုအတွက် အလုပ်အကျွေးပြုခြင်းထက် တော်လှန်ရေးအဖွဲ့နှင့်ချိတ်ဆက်ကာ ဘက်ပြောင်းဖို့အတွက်လိုအပ်ကြောင်းလည်း PYO က အကြံပြုသည်။
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(ခမ်းကောင်- PNDF KK)ကလည်း “စစ်အာဏာရှင်စနစ် ရှိနေသမျှ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် ရမှာမဟုတ်ဘူး၊ အဖိနှိပ်ခံဘဝမှာပဲ ဆက်ရှိမလား ဒါမှမဟုတ်ရင် ကျွန်တော်တို့နဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးမှာ အတူပူးပေါင်းမလား၊ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်သွားဖို့လိုအပ်ပါတယ်၊ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောသည်။
မဲခေါင်သတင်းအဖွဲ့
#MeKongNews
#ပီအန်အို
#စစ်အင်အား
#တိုးချဲ့
#ကလေးစစ်သား








