အာဏာမသိမ်းခင်က အိမ်တံခါးသော့ခတ်စရာမလိုအောင် လုံခြုံစိတ်ချရသည့် ဒီးမောဆို၌ ယခု ဖေါက်ထွင်းခိုးဝှက်သူ ပေါများလာ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၈
အာဏာမသိမ်းခင်က အိမ်တံခါးဖွင့်ခဲ့ပြီး အပြင်ထွက်သည့်တိုင်အောင် ပစ္စည်းပျောက်ရှခြင်းမရှိ လုံခြုံစိတ်ချရသည့် ကရင်နီပြည်၊ ဒီးမောဆိုမြို့နယ် အနောက်ဘက်ခြမ်း၌ ယခု ရဲဌာနရှိသော်လည်း ဖေါက်ထွင်းခိုးဝှက်သူပေါများလာသည်။
အာဏာမသိမ်းခင်က ဒေသတွင်း၌ ဇာတိချက်မြှုတ်နေထိုင်သူများသာရှိသဖြင့် လုံခြုံစိတ်ချရသည့်အခြေအနေရှိခဲ့သော်လည်း ယခုအခါ အလုပ်အကိုင်ရှားပါခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်း၊ နေရပ်စွန့်ခွါတိမ်းရှောင်သူများပြားလာခြင်းတို့ကြောင့် ကုန်စုံဆိုင်နှင့် စျေးဆိုင်ခန်းများ၌ ဖုန်းနှင့်ကုန်ပစ္စည်းများကို ညပိုင်း ဖောက်ထွင်းခံရရုံမျှမက နေ့ပိုင်းတွင်လည်း အလစ်အငိုက်စောင့်ကြည့်ကာ ခိုးယူခံနေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။
၂၀၂၅ ခုနှစ်၊ နှစ်အစကစပြီး ယနေ့အထိ ပစ္စည်းခိုးခံရမှုများ ၁၀ကြိမ်ထက်မနည်း ရှိလာပြီး အလွယ်တကူ ရရှိနိုင်သည့် ပစ္စည်းများ၊ ဖုန်းများ၊ ဆိုင်ကယ်များကို နေ့ပိုင်းတွင် ကို ပိုမိုခိုးယူကြသည်ဟုပြောသည်။
ညအချိန်များတွင်လည်း ကုန်စုံဆိုင်ကြီးများမှ ဘီယာဖာများ၊ ဆိုလာပြားများ၊ မီးစက်များပါမကျန် ခိုးယူခံနေရပြီး ဖုန်းနှင့် ဆိုင်ကယ် အလစ်သုတ်ခိုးယူခံရမှုများလည်း ကြုံတွေ့နေရသည်။
“ ပိုက်ဆံရှိတဲ့သူတွေပျောက်တာက မသိသာပေမယ့် တချို့အတွက်ကျတော့ ဘဝပါပျက်ရတာလေနော်၊ ဒီနေ့တောင် အစ်မတစ်ယောက်ဖုန်းလာရောင်းတယ်၊ သူစျေးရောင်းလို့ရတဲ့(ချေးထားသောငွေ) သူများငွေကိုအခိုးခံလိုက်ရလို့ ဆပ်စရာမရှိတော့တဲ့အတွက် ရောင်းတာပါတဲ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကရင်နီပြည်၌ ရဲဌာနဖွဲ့စည်းထားပြီးဖြစ်သောကြောင့် တရားဥပဒေစိုးမိုးရေးသည် ကရင်နီပြည်ရဲဌာန(KSP)၏ တာဝန်ဟုပြောနိုင်သော်လည်း KSP ကိုသာအားမထားပဲ လူထု၏ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးသည်ဟု ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ( IEC) အတွင်းရေးမှူး ၂ ဦးဗညားကပြောသည်။
KSP ၏လုပ်ဆောင်နေမှုအခြေအနေနှင့်ပတ်သက်ပြီး ပြည်သူသို့ သတင်းစကားပြန်ပေးနိုင်ရေး ယန်နေ့က KSP ကို မဲခေါင်က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိချေ။
မြူနှင်း
#MeKongNews








