ရှမ်းအရှေ့၌ ပြည်သူ့စစ်မှုထမ်းအတွက် အမျိုးသမီးစာရင်းပြုစုနေ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်၊ မိုင်းဆတ်၊ မိုင်းတုံမြို့များ၌ ပြည်သူ့စစ်မှုထမ်းအသက်အကျုံးဝင်သူ အသက်၂၇နှစ်အောက်အမျိုးသမီးများ စာရင်းပြုစုနေပြီဖြစ်ကြောင်း အဆိုပါ မြို့လူထုများထံမှသိရသည်။
တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံကောက်ယူနေခြင်းမျိုးမဟုတ်ပဲ လူဝင်မှုကြီးကြပ်ရေးဌာန၏ အိမ်ထောင်စု စာရင်းနှင့် ရပ်ကျေးစာရင်းကို တိုက်ဆိုင်စစ်ဆေးနေခြင်းဖြစ်သည်။
“ ခေါ်တာနဲ့ပေးနိုင်အောင်လို့ လုပ်နေတာ၊ ဝန်ထမ်းအမျိုးသမီးတွေကတော့ အသက်မရွေးဘူး၊ ပြည်သူ့စစ်မှုထမ်းနဲ့ အရန်စစ်မှုထမ်းပဲကွာတယ်၊ အားလုံးပါတယ်” ဟု မိုင်းပျဉ်းဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
စာရင်းပြုစုရာတွင် အသက်၂၇နှစ်အောက်၊ အိမ်ထောင်မရှိ၊ အပျို၊ ဘွဲ့ရ၊ တက္ကသိုလ်၊ အထက်တန်းအောင်စသည်များအပြင် ကျွမ်းကျင်သည့် အသက်မွေးဝမ်း ကျောင်းအတတ်ပညာ များပါမကျန် စာရင်းပြုစုနေကြောင်း သိရသည်။
ပြည်သူအနေဖြင့် အမျိုးသားများကို စစ်မှုထမ်း အဓမ္မစုဆောင်းကာ လိမ်လည်ပြီး ရှေ့တန်းပို့သလို အမျိုးသမီးများကိုလည်း ရှေ့တန်းနှင့် လိင်ဖျော်ဖြေရေးများတွင် အသုံးချမည်ကို စိုးရိမ်နေကြသည်။
“ ပြောတာတော့ အရည်အချင်း မီပြီး ဆန္ဒရှိရင်ဗိုလ်ဖြစ်နိုင်သလို အနည်းဆုံး သူနာပြု၊ သားဖွား၊ မှတ်တမ်း၊ စာရင်းထိန်းစတာတွေ လုပ်နိုင်တယ်ပြောတယ်၊ ပညာမတတ်သူကျတော့ စစ်တိုက်ရတော့မယ်ထင်တယ်၊ အစိုးရိမ်ရဆုံးက နေ့မှာစစ်သား ညမှာမယား လုပ်ခံရမှာ အကြောက်ဆုံးပဲ” ဟု မိုင်းတုံ မှ တက္ကသိုလ်ကျောင်းသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ပြည့်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် အသက်၁၈နှစ်မှ၃၅နှစ်အတွင်း အမျိုးသားများမှာ စစ်မှုထမ်းဥပဒေအတွက် မဲနှိုက်ရ ၊ဧည့်စာရင်း အကြောင်းပြ ဖမ်းဆီးခံရ၊ ပေါ်တာဆွဲခံရခြင်းများ နိုင်ငံတဝှမ်းဖြစ်ပေါ်နေသည်။
မဟာ
#MeKongNews








