မိုင်းလား – တရုတ်နယ်စပ်ဂိတ် မဖွင့်သဖြင့် လုပ်ငန်းများရပ်ဆိုင်းသည်အထိ သက်ရောက်လာ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
နယ်စပ်ဂိတ်တချို့ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားနှင့် တရုတ်နယ်စပ်ဂိတ် ပြန်မဖွင့်သဖြင့် လုပ်ငန်းများရပ်ဆိုင်းလာသလို ကုန်သွယ်ရေးပိုင်းတွင်လည်း ထိခိုက်မှုရှိနေသည်။
မိုင်းလား၊ ဆီလူးဒေသများ၌ တရုတ်နယ်စပ်ဂိတ်များမပိတ်မီ ယမန်နှစ်၊ ဇူလိုင် အစောပိုင်းကာလများတွင် အခြားဒေသများမှ လုပ်ငန်းမျိုးစုံ လာရောက်လုပ်ကိုင်သူ အများအပြား ရှိနေသလို ကုန်တင်ကားများလည်း ရာနှင့်ချီရှိနေခဲ့သည်။ ယခု ၆ လကျော် နယ်စပ်ဂိတ်ထားသဖြင့် စက်သုံးဆီ၊ ဘိလပ်မြေအပါအဝင် တရုတ်ထုတ်ကုန်များ တင်ရောက်ခြင်းမရှိသဖြင့် လုပ်ငန်းအများအပြား ရပ်ဆိုင်းနေပြီဟု ဒေသခံကပြောသည်။
“ မိုင်းလားဂိတ် မဖွင့်တော့ ကုန်အဝင်က တောလမ်းကပဲရှိတယ်၊ ဆောက်လုပ်ရေးဆိုက်တွေ၊ စက်ပြင်ဆိုင်တွေရပ်ကုန်ပြီ၊ လူတွေလည်းဖွင့်နိုး ဖွင့်နိုးနဲ့စောင့်ရင်း မနေနိုင်ကြတော့ ပြည်မပြန်တဲ့သူကပြန် အခြားနေရာ ရွှေ့သူကရွှေ့ တရုတ်ဘက် ကူးသူကကူးနဲ့ နည်းကုန်ပြီ”ဟု မိုင်းလားဒေသခံကပြောသည်။
မိုင်းလား-တရုတ်နယ်စပ်သည် နှစ်ဘက် အပြန်အလှန်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ပို့ကုန်တချို့ကိုသာ လက်ခံပြီး တရုတ်ဘက်မှ သွင်းကုန်ကိုခွင့်မပြုသေးသဖြင့် ပို့ကုန်ဖရဲကားများ အပြန်တွင် ကုန်စည်မပါပဲပြန်ကြရသည်။
“ဖရဲတွေ မချိုတော့ဘူးဗျာ၊ အပြန်ကုန်မရှိတော့ စားရိတ်ကုန် အမြတ်မရ ဖြစ်ရတယ်”ဟု ဖရဲကားသမားတစ်ဦးကပြောသည်။
မိုင်းလား-တရုတ်နယ်စပ် ဂိတ်မဖွင့်သဖြင့် စက်သုံးဆီကို လာအိုနိုင်ငံမှတင်သွင်းနေရပြီး ဓာတ်ဆီ တစ်လီတာကို ၈ ယွမ်ခွဲ (ကျပ် ၅၀၀၀ ကျော်)ရှိနေကြောင်း သိရသည်။
ဒေသခံလူဦးရေ တစ်သိန်းကျော်နေထိုင်သည့် မိုင်းလား၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်နေသူအနည်းဆုံး သုံးသောင်းခန့် ရှိနေသည်ဟု ၂၀၂၀ ပြည့်နှစ်က ခန့်မှန်းထားသည်။ ယခုအခါ နယ်စပ်ဂိတ်ပိတ်ထားသဖြင့် လူဦးရေလည်းနည်းပါးလာသည်။
မဟာ
#MeKongNews









