ရှမ်းပြည်အရှေ့ပိုင်းနှင့်မြောက်ပိုင်း၌ ကျပ်သိန်း ၅,၀၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
ထုတ်လုပ်သူများကို ဖမ်းဆီးနှိမ်နင်းနိုင်ခြင်းမရှိသေး
မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့များ၌ ယခုလ ၁၀ ရက်၊ ၁၂ ရက်တွင် တန်ဖိုးကျပ် သိန်းပေါင်း ၅,၀၀၀ နီးပါးခန့်ရှိ မူးယစ်ဆေးဝါးများအား စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
၁၀ ရက်၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကျိုင်းတုံမြို့ ဝမ်တာပုံကျေးရွာအနီး၌ မိုင်းခတ်မြို့ဘက်မှ စိုင်းအိုက်ယွန်းနှင့် မနန်းဆိုင်မိုတို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ကျပ်သိန်း ၁၄၄၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁၈ ကီလိုနှင့် ကျပ် ၃၃၁၅ သိန်း တန်ဖိုးရှိ ကက်တမင်း အလေးချိန် ၃၉ ကီလိုဖမ်းမိသည်။
ဆက်စပ်ဖော်ထုတ်ချက်အရ ထိုမူးယစ်ဆေးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်း မှ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်သည်။
အလားတူ ယမန်နေ့(ဖေဖော်ဝါရီလ ၁၂) နေ့လယ် ၁၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့၊ ရပ်ကွက် ၂ ၌ ရွှေအောင် မောင်းနှင်လာသော ဆိုင်ကယ်အားစစ်ဆေးရာ ကျပ်သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ဖမ်းမိသည်။
ဆက်စပ်ဖော်ထုတ်ချက်အရ ၎င်းနေထိုင်သည့် တန့်ယန်းမြို့၊ ရပ်ကွက်(၇)ရှိ နေအိမ်အတွင်းမှ ကျပ် ၅၅သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅,၅၀၀ နှင့် ကျပ် လေးသိန်းတန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၂၀ ဂရမ်ဖမ်းမိသည်။
စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံမူးယစ်းဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့သည် မူးယစ်ဆေးသယ်ယူပို့ဆောင်သူနှင့် ရောင်းချသူများကိုသာ ဖမ်းဆီးနိုင်ပြီး မူးယစ်ဆေးထုတ်လုပ်သူများကို ဖမ်းဆီးနှိမ်နင်းနိုင်ခြင်း မရှိသေးချေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်(မနေ့က)တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့၌ အိုက်ထွန်းဆိုသူအား ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်ဖမ်းဆီးရမိခဲ့သေးသည်။
မြန်မာနိုင်ငံဒေသအသီးသီးသို့ဝင်ရောက်မည့် မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းမှ အဓိက ထွက်ရှိနေကြောင်း CCDAC Myanmar ၏ထုတ်ပြန်ချက်များအရသိသည်။
ဂနိုက်
#MeKongNews









