မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
ကရင်လက်နက်ကိုင်တပ်ဖွဲ့ DKBA က မြ၀တီ ကျားဖြန့်လုပ်ငန်းများ၌ လူမှောင်ခိုကူး ခိုင်းစေခံခဲ့ရသော ၂၆၁ ယောက်ကို ထိုင်း နယ်ခြားစောင့်တပ်ထံ ယနေ့ (ဖေဖော်ဝါရီ ၁၂) တွင် ပြန်လည် လွှဲအပ်ခဲ့သည်။
မြ၀တီ ကျောက်ခတ်ဒေသမှ ထိုင်း ဖုပ်ဖရဘက်သို့ ပြန်လည်ပို့ဆောင်ပေးသူများထဲတွင် ဖိလစ်ပိုင်မှ ၁၆ ယောက်၊ ကန်ညာမှ ၂၃ ယောက်၊ တန်ဇန်းနီးယားမှ ၁ ယောက်၊ ဘရာဇီးမှ ၂ ယောက်၊ အီသီယိုးပီးယားမှ ၁၃၈ ယောက်၊ ပါကစ္စတန် ၁၂ ယောက်၊ ဘင်္ဂလားဒေ့ရှ် ၂ ယောက်၊ နီပေါမှ ၇ ယောက်၊ ကမ္ဘောဒီးယားမှ ၁ ယောက်၊ သီရိလင်္ကာမှ ၁ ယောက်၊ ယူဂန်ဒါမှ ၆ ယောက်၊ ထိုင်ဝမ်မှ ၇ ယောက်၊ လာအိုမှ ၆ ယောက်၊ အင်ဒိုနီးရှားမှ ၈ ယောက်၊ ဘူရန်ဒီမှ ၂ ယောက်၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ အိန္ဒိယတို့မှ ၁ ယောက်စီ၊ မလေးရှားမှ ၁၅ ယောက်နှင့် တရုတ်နိုင်ငံသား ၁၀ ယောက်ပါဝင်သည်။
အဆိုပါ ၂၆၁ ယောက်ကို ထိုင်းတာဝန်ရှိသူများက လူမှောင်ခိုကူးခံရသည့် ဒုက္ခသည်များဟုတ်မဟုတ်၊ ကျားဖြန့်တွင် ရာဇဝတ်မှုကျူးလွန်နေကြသူများဟုတ်မဟုတ် စစ်ဆေးအတည်ပြုရန် မဲဆောက်မြို့ ယာယီ နေရာထိုင်ခင်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမှုများ ပြုလုပ်ဦးမည် ဖြစ်သည်။
တစ်ဆက်တည်းမှာပင် ထိုင်းသတင်းများက ကျားဖြန့်နှင့် လူမှောင်ခိုမှုများအတွက် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူ၊ မုတ်သုန်နှင့်တင်ဝင်းတို့ကို နောက်တစ်ပတ်အတွင်း ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဖမ်း၀ရမ်းထုတ်နိုင်ရေး စီစဉ်နေကြောင်း Thai Enquirer မီဒီယာမှ ဖော်ပြခဲ့သည်။
Ref: Thai Enquirer
ကိုကလင်း
#MeKongNews
#ထိုင်း
#DKBA
#ကျားဖြန့်
#လွှဲပေး
#နိုင်ငံခြားသား
#မှောင်ခိုကူး








