လွိုင်ကော်အခြေစိုက် ထပရ ၇၂၂ တပ်ခွဲမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်တကွ KPLA ထံ အလင်းဝင်
မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၂
ကရင်နီပြည်၊ လွိုင်ကော်မြို့အခြေစိုက် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ ထပရ (၇၂၂) မှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်တကွ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် KPLA ထံ အလင်းဝင်လာသည်ဟု ယနေ့(ဖေဖော်ဝါရီ ၁၂) ထုတ်ပြန်သည်။
အလင်းဝင်လာသူသည် စစ်ကောင်စီတပ်၏ မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အမှတ်( ၁) ရှေ့တန်းအခြေချ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း ၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဒုတပ်ကြပ် မင်းခန့်ကျော်ဖြစ်သည်။
အလင်းဝင်လာချိန်တွင် G-3 (BA-72) ၁ လက်၊ ကျည်ကတ်သုံးကတ် ၊ ကျည်ဆံ အတောင့် ၁၂၀ ယူဆောင်ပြီး အလင်းဝင်လာသဖြင့် တော်လှန်ရေးဘက်မှ ဆုငွေ သိန်း ၂၀ ချီးမြှင့်ခဲ့သည်ဟု သိရသည်။
အလင်းမဝင်ခင်က ရထပ (၁) ကနေ ကရင်နီ လွိုင်ကော်အခြေစိုက် ထပရ (၇၂၂)သို့ ပို့ဆောင်ခံရပြီးနောက် စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် ရိုက်နှက်ခြင်း၊ ပစ်သတ်ခြင်း၊ မတရားဖမ်းဆီးခြင်းများကို မြင်တွေ့ရသဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလထဲတွင် လက်နက်နှင့်တကွ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။
“ တာဝန်ထမ်းဆောင်ချင်ရင်လည်း သေချာစိစစ်မယ်၊ အနားယူချင်ရင်လည်း နေရာချထားပေးဖို့ လုပ်ဆောင်တာရှိပါတယ်၊ ရဲဘော်တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်ချင်ရင်လည်း အတူပါဝင်ခွင့်ပေးဖို့ ရှိပါတယ်”ဟု ၉၄၂၅ တပ်ရင်း ဒုရင်းမှူး ခွန်းစူးက မဲခေါင်ကိုပြောသည်။
ဒုတပ်ကြပ် မင်းခန့်ကျော်ကို လိုအပ်သည့်အကူအညီများပေးပြီး လုံခြုံစိတ်ချရသည့်နေရာတွင်ထားရှိကာ နောက်ထပ်အလင်းဝင်လိုသူများကိုလည်း ကြိုဆိုပြီး ဘက်ပြောင်းခိုလှုံကြဖို့ တိုက်တွန်းထားသည်။
၂၀၂၅ ခုနှစ် နှစ်အစမှာပင် ကရင်နီပြည်နယ်အတွင်းရှိ တပ်ရင်းအသီးသီးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်ပြောင်းခိုလှုံသူ ၁၀ ဦးထက်မနည်းရှိနေပြီး စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက် အလင်းဝင်လာသူ ၁၀၀ ကျော်ရှိသည်ဟုသိရသည်။
မြူနှင်း
#MeKongNews









