မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
ကရင်နီပြည်အတွင်းက ဒေသခံမဟုတ်သည့်သူများ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ် လုပ်ရန် ပြင်ဆင်နေပြီဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညား က ပြောသည်။
ကရင်နီပြည်တွင်း ဝင်ရောက်လာသူများအား စနစ်တကျစိစစ်နိုင်ရန်၊ ကာကွယ်နိုင်ရန်၊ လမ်းညွှန်ပေးနိုင်ရန်နှင့် ကရင်နီပြည် လုံခြုံရေး၊ ခရီးသွားပြည်သူလုံခြုံရေးများအတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး ပြည်နယ်တွင်း ဝင်ထွက်ခွင့်ကို ကန့်သတ်သွားမည်ဟု ဆိုသည်။
“တော်လှန်ရေးဖြစ်ပြီးတဲ့ ခုနောက်ပိုင်းမှာ စိုးရိမ်စရာအချက်အလက်တွေ ပိုတွေ့လာရတာလည်းပါတယ်။ နောက်ပြီး ပြည်နယ်ထဲမှာရှိတဲ့ လူဦးရေအခြေနေကို ပိုတိကျနိုင်ဖို့အတွက်ပေါ့နော်။ ပြည်နယ်ထဲကို ဝင်တဲ့သူအားလုံးကို စိစစ်နိုင်ဖို့ဖြစ်ပါတယ်။ အားလုံး အတူတကွနေထိုင်ဖို့က ကြပ်မတ်မှုတွေရှိမှသာလျှင် အားလုံးက အဆင်ပြေမှာ ဖြစ်ပါတယ်”ဟု ဦးဗညားကပြောသည်။
ကတ်ပြားအား လွှဲပြောင်းကိုင်ဆောင်ခြင်းမပြုရန်၊ ကတ်ပြားမပါဘဲ ပြည်နယ်ခြားပြည်သူများ ပြည်နယ်အတွင်း ဖြတ်သန်းမှု မရှိစေရန်၊ ပြည်နယ်တွင်းမှ ထွက်ခွာပါက ကတ်ပြားအား ပြန်လည်အပ်နှံရန်၊ တာဝန်ရှိသူက စစ်ဆေးပါကပြသရန် စသည့် အချက်အလက်ပြားပါဝင်သော ကတ်ပြားအား ပြည်နယ်ပြင်ပပြည်သူများကို ထုတ်ဝေပေးဖို့ပြင်ဆင်နေသည်။
“လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကြောင့် လုပ်တယ်လို့မြင်ပါတယ်”ဟု စစ်ရှောင်များကို ကူညီပေးနေသည့် Clean Yangon အဖွဲ့တာဝန်ခံ ကိုဇေယျာထွန်းက ပြောသည်။
တော်လှန်ရေးကာလအတွင်း ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ဆောင်ရွက်မှုနဲ့အတူ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များလည်းရှိသေးသည်ဟုပြောသည်။
မြူနှင်း
#MeKongNews
#ကရင်နီ
#စစ်ကောင်စီ
#ကန့်သတ်
#သွားလာခွင့်
#ပြည်နယ်ခြား
#ဖြတ်သန်း








