မိုးဗြဲရှေ့တန်းကနေ ရုန်းထွက်လာတဲ့ စစ်ကောင်စီရဲ့ အဓမ္မစစ်သား စုဆောင်းခံရသူ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၁
အဲ့ဒီနေ့က ပုံမှန်အတိုင်း လုပ်ငန်းခွင်ထဲမှာအလုပ်လုပ်နေချိန်ပေါ့။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က စပါး၊ ပဲနဲ့ရာသီပေါ် သီးနှံတွေစိုက်ပျိုးတဲ့ တောင်သူလယ်သမားအလုပ်ပါပဲ။
ဒီလိုဖြစ်လာလိမ့်မယ်လို့ သူမျှော်လင့်မထားလေတော့ သူ့အလုပ်ကို ပုံမှန်အတိုင်းစိတ်နစ်ပြီး လုပ်ဆောင်နေတာပါ။
အာဏာသက်ဆိုးရှည်ရေးလုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကိုလုံးဝ လက်မခံနိုင်သူတွေထဲမှာ သူလည်း ပါဝင်ပါတယ်။ လက်မခံနိုင်ပေမယ့် စစ်ကောင်စီကို လက်နက်ဆွဲကိုင် တော်လှန်တိုက်ခိုက်တဲ့အထဲမှာတော့ သူမပါပါဘူး၊ မိရိုးဖလာ ဓါးမဦးချလုပ်ကိုင်ခဲ့တဲ့ အလုပ်ကို လုပ်ကိုင်နေစဉ်မှာ ရုတ်တရက်ဖမ်းဆီးခံလိုက်ရပါတယ်။
“ကျွန်တော်တို့က တောင်သူလယ်သမားပဲ ၊ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတာ” လို့သူကပြောပါတယ်။
ရာဇ၀တ်မှုကျူးလွန်ထားတာလည်းမရှိသလို စစ်ကောင်စီလုပ်ရပ်တွေကိုမကြိုက်ကြောင်း လူသိရှင်ကြားဆန္ဒထုတ်ဖေါ်ခဲ့တဲ့ လူသိများသူလည်းမဟုတ်ပဲ ဖမ်းဆီးခံရတာမို့ သူ့အတွက်အံ့ဩစရာဖြစ်နေပါတယ်။
ဒါပေမယ့် မကြာခင်မှာပဲ သူ့ကိုဘာကြောင့်ဖမ်းတယ်ဆိုတာကို သူရိပ်မိသွားတယ်။ အာဏာသက်ဆိုးရှည်ဖို့အတွက် လူငယ်လူရွယ်တွေကို စတေးခံအဖြစ်အသုံးချဖို့ တက်သုတ်ရိုက်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းတဲ့စစ်ကောင်စီက ပြဌာန်းဥပဒေနဲ့ အညီလုပ်ဆောင်တာမျိုး မဟုတ်ပဲ စစ်မှုထမ်းစေဖို့ နိုင်ငံတဝှမ်းက လူငယ် လူရွယ်တွေကို တွေ့မရှောင် အဓမ္မဖမ်းဆီးနေတာပါ။ အဲ့ဒီအထဲမှာ ကိုနိုင်ထွေးလည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့တာပါ။(မိသားစုလုံခြုံရေးအရ အမည်လွှဲထားပါတယ်)
စစ်ကောင်စီဟာ ပြဌာန်းဥပဒေရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးမလုပ်ပဲ ဘာကြောင့်အခုလို ဂုဏ်သိက္ခာမဲ့စွာ အဓမ္မဖမ်းဆီးနေတာပါလဲ၊ ပြည့်သူ့ပန်းတိုင်တာဝန်ခံ တပ် CDM ဗိုလ်မှူး နောင်ရိုးအခုလိုပြောပါတယ် –
“ အထက်ကနေ တပ်အသီးသီးကို တစ်လဘယ်လောက် အရေအတွက်ပြည့်မှီရမယ်ဆိုတာမျိုးသတ်မှတ်ထားတော့ အရေအတွက်ပြည့်မှီရေးက အရေးကြီးလာတာနဲ့အတူ ပေါ်တာဆွဲတာတွေ အတင်းအဓမ္မဖမ်းဆီးတာတွေလုပ်လာနေတာပါ”
အာဏာသိမ်းပြီး လက်နက်မဲ့ ဆန္ဒပြပြည်သူကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်တာတွေကြောင့် ပြည်သူကလက်နက်ဆွဲကိုင်တော်လှန်ချိန်မှာ စစ်ကောင်စီဟာအင်အားပြုန်းတီးလာပါတယ်၊ ဒါကြောင့် စစ်မှုထမ်းဥပဒေကိုထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်ထဲကို စစ်မှုထမ်းဖို့ အသိပညာနိမ့်ပါးသူကလွဲလို့ အသာတကြည်ဝင်ရောက်မယ့်သူ ခပ်ရှားရှားဖြစ်နေတာကြောင့် အခုလိုအဓမ္မဖမ်းဆီးတာတွေပြုလုပ်နေတာဖြစ်တယ်လို့ တပ် CDM ဗိုလ်ကြီးကိုဟိန်းကသုံးသပ်ပါတယ်။
သူက “ ဒါကတော့ ရှင်းပါတယ် ၊ဥပဒေဆိုတာ အာဏာရှင်တွေရဲ့ ပါးစပ်ကအတိုင်းပဲလေ ၊ လူထုကို စည်းရုံးလို့ မရနိုင်တာပေါ့၊ အဲ့လို ထောက်ခံ့မှု မရှိတော့တာနဲ့ သူတို့ဆီ ဝင်မယ့်သူမရှိတဲ့အခါ အတင်းအဓမ္မပေါ်တာဆွဲတာတွေ ဖြစ်လာတာပေါ့ ၊ ဒါကလည်း ယခင်ကတည်းက ရှိခဲ့တဲ့ စစ်တပ် အကျင့်စရိုက်ပါပဲ” လို့ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ထဲမှာနေထိုင်တဲ့ ကိုနိုင်ထွေးဟာ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုသူဖြစ်လို့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၇ ရက်၊ တနလ်ာနေ့မှာ စက်နဲ့စပါးရိတ်ချွေနေစဉ် မှတ်မှတ်ရရ ညနေ ၅ နာရီခန့်မှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီရဲ့ ပေါ်တာဆွဲခြင်းကိုခံလိုက်ရတာပါ။
အဲ့ဒီနေ့က သူနဲ့အတူ တစ်ရွာတည်းနေ အိမ်နီးချင်း လူငယ်လေးဦးအဖမ်းခံရပြီး အခြေခံစစ်သင်တန်းတက်ဖို့ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတောင်းမြို့ အခြေစိုက်၊ အမှတ် (၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ပို့ခံရပါတယ်။
စစ်မှုထမ်းအတွေ့အကြုံရှိသူတွေရဲ့ ပြောပြချက်အရ ၂၀၂၁ခုနှစ် မတိုင်ခင်က နေ့လည်စာ တစ်နပ်တည်းသာ ပဲဟင်းအရည်ကြဲနဲ့ လက်မ သာသာ အသားဟင်းနှစ်တုံး ကျွေးလေ့ရှိတယ်လို့ ကျော်ကြားတဲ့ စစ်သင်တန်းကျောင်းတွေဟာ အခု ဟင်းကောင်းတယ်လို့ ကိုနိုင်ထွေးကပြောပါတယ်။
“သူတို့လိုလားလို့လားတော့ မသိဘူး၊ သင်တန်းကျောင်းမှာ အစားအသောက်ကောင်းတယ်၊ ကြက်ဥကတစ်နေ့၊ ငါးက တစ်နေ့၊ ကျန်တဲ့နေ့တွေက ဝက်သား၊ ကြက်သား၊ အမဲသား၊ အဲလိုကျွေးတယ်၊ သင်တန်းပြီးတော့ တပ်ရင်းကို ရောက်လည်းရောက်ရော ငတ်ရော” လို့သူကပြောပါတယ်။
၂၀၂၁ အာဏာမသိမ်းခင်အထိ အခြေခံစစ်သင်တန်း ၆ လသတ်မှတ်ထားတဲ့ စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းစနစ်အကောင်အထည်ဖေါ်ပြီးနောက်ပိုင်း အခြေခံစစ်သင်တန်းကို တချို့ သုံး လခွဲတက်ရသူတွေရှိသလို သုံးလတက်ရသူတွေလည်းရှိပါတယ်။ စစ်အင်အား အရေးပေါ်လိုအပ်နေတဲ့ စစ်ကောင်စီဟာ သင်တန်းကာလကို ထပ်မံ လျှော့ချလိုက်ပြန်တယ်။ ကိုနိုင်ထွေးတို့ အပတ်စဉ်က သင်တန်း နှစ် လခွဲသာ တက်ရသလို သင်တန်းအပတ်စဉ် တစ်ခုကိုသင်တန်းသား ၂၅၀ သတ်မှတ်ထားပေမယ့် အခုသင်တန်းသား ၂၁၀ သာရှိပါတယ်။
၂၀၂၁ အာဏာသိမ်းမတိုင်ခင်က စစ်တပ်ထဲကို မိမိသဘောဆန္ဒအရ လိုလိုလားလားဝင်ရောက်သူတွေရှိသလို စစ်သားစုဆောင်းဈေးကွက်အရ အုပ်ထိန်းသူတွေကို ငွေပေးဝယ်ပြီး တပ်ရင်း တပ်ဖွဲ့တွေက အင်အားဖြည့်ကြရတာတွေလည်းရှိခဲ့ဖူးပါတယ်။ အခြေခံစစ်သင်တန်းတက်နေစဉ် ထွက်မပြေးကြဖို့ သင်တန်းနည်းပြတွေနဲ့ သင်တန်းတာဝန်ခံက အစဉ်အလာမပျက် နေ့စဉ်ရက်ဆက်ပြောလေ့ရှိပေမယ့် ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ဝင်ရောက်သူတွေကိုယ်တိုင် သင်တန်းကနေထွက်ပြေးကြတာတွေရှိပါတယ်။
အခုလည်း ကိုနိုင်ထွေးတို့တက်ရောက်နေတဲ့ သင်တန်းမှာ သင်တန်းကနေထွက်မပြေးကြဖို့ အစဉ်အလာမပျက်ပြောကြပေမယ့် ထွက်ပြေးသင့်တဲ့ ကာလဒေသကိုတော့ သင်တန်းတာဝန်ရှိသူတွေကိုယ်တိုင်က လမ်းညွှန်ကြပါတယ်။
“ပြေးချင်ရင် မိခင်တပ်ရင်းတို့ ရှေ့တန်းတို့ရောက်ရင်ပြေးတဲ့၊ လွတ်အောင်သာပြေး၊ မလွတ်လို့ရှိရင် မလွယ်ဘူးတဲ့၊ အဲလိုပြောတယ် သင်တန်းဆရာတွေက” လို့ ကိုနိုင်ထွေးကမဲခေါင်ကိုပြောပြပါတယ်။
စစ်မှုထမ်းဖို့အတွက် အဓမ္မဖမ်းဆီးခံရသူတွေရဲ့ လက်ကိုင်ဖုန်းတွေကို ဖမ်းဆီးသူတွေက ဖမ်းဆီးစဉ်မှာကတည်းက အပိုင်းစီးလေ့ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သင်တန်းသား တချို့ကတော့ သင်တန်းကျောင်းရောက်တဲ့အထိ လက်ကိုင်ဖုန်းပါလာသူတွေရှိပါတယ်။ ဒါပေမယ့်သင်တန်း နှစ်လခွဲအတွင်းမှာ ဘယ်သူနဲ့မှဆက်သွယ်လို့မရအောင် ပါလာတဲ့ဖုန်းတွေကို သင်တန်းက သိမ်းဆည်းထားပြီး သတန်းဆင်းချိန်မှာ ပြန်ထုတ်ပေးတယ်လို့ ဆိုပါတယ်။
သူက “ကျွန်တော်ကတော့ အိမ်ကထွက်ကတည်းက ဖုန်းပါမလာဘူး၊ သင်တန်းဆင်းခါကျမှ အဲဒီက ဗိုလ်မှူးဆီက ဖုန်းဝယ်ရတယ်၊ လစာလေးတွေ စုပြီးတော့” လို့ပြောပါတယ်။
အခြေခံစစ်သင်တန်း နှစ်လခွဲတက်အပြီး ရှမ်းပြည်အရှေ့ပိုင်း၊ မိုးနဲမြို့မှာ အခြေစိုက်တဲ့ အမှတ်(၂၄၈)ခြေလျှင်တပ်ရင်းကိုရောက်ရှိပါတယ်။ မိခင်တပ်ရင်းမှာ ၅ ရက်နေပြီး စစ်ကောင်စီကိုခြေမှုန်းနေတဲ့ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ဖို့အတွက် ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့ နယ်အခြေစိုက် ခမရ(၄၂၂) ကိုပို့ဆောင်ခံရပါတယ်။ အဲ့ဒါဟာသူတို့အတွက် ရှေ့တန်းစစ်မြေပြင်ပါပဲ။
စစ်ကောင်စီရဲ့လုပ်ရပ်တွေကို လုံးဝ လက်မခံနိုင်တဲ့ ကိုနိုင်ထွေးဟာ စစ်ကောင်စီဘက်ကနေ စစ်မတိုက်ချင်တာကြောင့် သင်တန်းဆရာရဲ့ လမ်းညွှန်ချက်အတိုင်း ရုန်းထွက်ဖို့ကြံစည်ပါတော့တယ်။
“ သူတို့ရဲ့(စကစ) အယူဝါဒကို အစကတည်းက လုံးလုံးလျားလျား သဘောမကျဘူး၊ သူတို့က လက်နက် အားကိုးနဲ့ အနိုင်ကျင့်ပြီးကျွန်တော်တို့ကို ဖမ်းတာ၊ ကျွန်တော်တို့က ပြည်သူဘက် နေချင်တဲ့သူ”လို့သူကပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီလက်အောက်က ရုန်းထွက်ဖို့ ကြံစည်နေတဲ့ ကိုနိုင်ထွေးဟာ နယ်မြေမကျွမ်းကျင်ပါဘူး၊ “ ဘယ်ရောက်နေမှန်းလည်း ကျွန်တော်မသိဘူး” လို့သူကပြောပါတယ်။
ကိုနိုင်ထွေး တစ်ဦးတည်းဆိုရင် နယ်မြေမကျွမ်းကျင်တာကြောင့် အောင်မြင်မှု မရတာမျိုး ဖြစ်နိုင်သလို အောင်မြင်ခဲ့ရင်တောင် အခက်အခဲများစွာကြုံတွေ့နိုင်မှာပါ။
ဒါပေမယ့် စစ်ကောင်စီလောင်းရိပ်အောက်ကရုန်းထွက်ရာမှာ အခက်အခဲမရှိ အောင်မြင်ခဲ့ပါတယ်။ ရှေ့တန်းစစ်မြေပြင်လို့ သတ်မှတ်ထားတဲ့ ခမရ(၄၂၂)မှာ သုံးပတ် ကြာနေထိုင်အပြီး တော်လှန်ရေးတပ်နဲ့ချိတ်ဆက်ကာ ရုန်းထွက်နိုင်ခဲ့ပါတယ်။
“အခက်အခဲတော့ မရှိခဲ့ပါဘူး၊ ဒါပေမယ့် ညဘက်ကြီး ရေဖြတ်ကူးရတာပေါ့၊ ကင်းအလှည့်ကျတာဖြစ်ပေမယ့် ဟိုဘက်ကရှေ့တန်းကလူတွေက ညဘက်ဆိုရင် လက်နက်ခဲယမ်းပြန်ယူတယ်လေ၊ ပြန်ယူတော့ လူ ၁၄-၅ ယောက် လူတွေရှုပ်တာနဲ့ လက်နက်ပါမလာခဲ့ဘူး” လို့ သူကပြောပါတယ်။
သူတစ်ဦးတည်း ရုန်းထွက်ခဲ့တာတော့မဟုတ်ပါဘူး၊ သူနဲ့အတူ ရုန်းထွက်လာသူ ကိုလှမောင်ကြောင့် အဆင်ပြေချောမွေ့ခဲ့တာပါလို့ ကိုနိုင်ထွေးကပြောပါတယ်။(မိသားစုလုံခြုံရေးအရ အမည်လွှဲထားပါတယ်)
“လူတစ်ယောက်နဲ့တစ်ယောက်ဆိုတာကလည်း စိတ်သဘောထားချင်းက မတူဘူးလေ၊ တူတဲ့လူနဲ့ပဲ တွဲလိုက်ခဲ့ရတာပါ၊ တစ်ယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေသုံးယောက် တိုင်ပင်မယ်ဆို အဲဥစ္စာက နှုတ်မလုံလို့ရှိရင် အဲနေရာမှာပဲ ကျွန်တော်တို့ သေမှာ” လို့သူကပြောပါတယ်။
ကိုလှမောင်ရဲ့ညီဖြစ်သူက မိုးဗြဲဒေသမှာနေထိုင်သူဖြစ်လို့ သူ့ရဲ့အကူအညီနဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ၊ အမှတ် (၁၀၀၆) တပ်ရင်း၊ ဖယ်ခုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) နဲ့ချိတ်ဆက်ဖြစ်ခဲ့ပါတယ်။ တပ်ရင်း(၂)က အလင်းဝင်မယ့်သူ နှစ်ဦးကို သွားရောက် စောင့်ဆိုင်းခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ ကိုနိုင်ထွေးရဲ့ဆန္ဒပြည့်မြောက်ခဲ့ပါပြီ။
“ဒီမှာက လွတ်လွတ်လပ်နေရတယ်၊ အရေးတော်ပုံအောင်လို့ရှိရင် အိမ်ပြန်လို့ရပါပြီ၊ မိသားစုနဲ့တော့ တစ်ခါတလေ ဖုန်းတော့ဆက်လို့ရတယ်” လို့ကိုနိုင်ထွေးကပြောပါတယ်။
ကိုနိုင်ထွေးကဲ့သို့ ပြည်သူ့ဘက်ရပ်တည်ကူပြောင်းလာသူတွေ တစ်နှစ်ထက် တစ်နှစ်များပြားလာပြီဖြစ်ပါတယ်။ ၂၀၂၄ခုနှစ်၊ တစ်နှစ်တာကာလနဲ့ အခုနှစ်၊ ဇန်နဝါရီ တစ်လအတွင်း နှိုင်းယှဉ်ရင် ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလာသူ သုံးဆကျော်တိုးပွါးလာပါတယ်။
၂၀၂၄နှစ်၊ သြဂုတ်လကနေ ဒီဇင်ဘာလအထိ ပြည်သူဘက်ကိုရပ်တည်ကူးပြောင်းလာသူ ၂၃ ဦးမှ ၄၁ ဦးထိသာရှိခဲ့ပေမယ့် အခုနှစ်၊ ဇန်နဝါရီ တစ်လအတွင်းမှာ ၁၃၆ ဦး ပြည်သူ့ဘက်ရပ်တည်ကူးပြောင်းလာပါတယ်။
ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး လေးဦး၊ ဗိုလ် တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၇ ဦးနဲ့ရဲတပ်ဖွဲ့ဝင် ကိုးဦး ၊ စုစုပေါင်း ၁၃၆ ဦးနီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဝင်ရောက်လာတာပါ။ ၁၃၆ ဦးထဲက ၈၃ ဦးဟာ လက်နက်ခဲယမ်းယူဆောင်လာတာမို့ တော်လှန်ရေးတပ်တွေက တန်ဖိုးအလိုက် ဂုဏ်ပြုငွေချီးမြင့်ခဲကြပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးချိန်ကနေ အခုထိ ပြည်သူဘက်ရပ်တည်ကူးပြောင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်ဦးရေ ၁၆,၀၀၀ အထက်မှာရှိတယ်လို့ CDM ဗိုလ်မှူးနောင်ရိုးကပြောပါတယ်။
မဲခေါင်သတင်းအဖွဲ့
#MeKongNews








