သီပေါမြို့ရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာ သုံးခု၌ ကလေးများအတွက် အရေးပေါ် ဆန် လိုအပ်နေ
မဲခေါင်၊ ဖေဖော်ဝါရီ ၆
ကုန်ဈေးနှုန်းကြီးခြင်း၊ အလှူရှင် နည်းပါးလာခြင်းများကြောင့် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာ သုံးခု၌ မိဘမဲ့ကလေးများ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ပေါ်နေပြီး လောလောဆယ်တွင် အရေးပေါ် ဆန် လိုအပ်နေသည်။
လီဆူပညာရေးဂေဟာ၌ ကလေးငယ် ၄၅ ဦး၊ ဆုတောင်းရာအိမ် မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာ၌ ကလေးငယ် ၄၂ ဦးနှင့် ရင်ခွင်မဲ့သူများဂေဟာ၌ ကလေးငယ် ၁၅ ဦးအတွက် လက်ရှိတွင် အရေးပေါ် ဆန် လိုအပ်နေကြောင်း ဂေဟာ သုံးခုကိုအကူအညီပေး နေတဲ့ နှလုံးသားပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ဦးက မဲခေါင်ကိုပြောသည်။
“အလိုအပ်ဆုံးက ဆန်ပါ၊ ပြီးတော့ အလှူရှင်တွေနည်းနေတော့ ဟင်းကိုမကျွေးနိုင်ဘူးဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
ဂေဟာရှိကလေးငယ်တွေကို ထမင်းနှင့် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်တွေသာ ကျွေးမွေးနိုင်ပြီး အသား၊ ငါးကို ဟင်း ဆိုသည့်စာရင်းထဲကို ထည့်မထားနိုင်တာကြာပြီဖြစကြောင်း၊ ကလေးများပညာရေးပိုင်းအနေဖြင့် လက်တလောစာသင်ကျောင်းများ ပိတ်ထားသောကြောင့် ဂေဟာ၌ပင် တရုတ်စာနှင့် မြန်မာစာသင်ကြားပေးနေကြောင်း ရင်ခွင်မဲ့ဂေဟာ တာဝန်ရှိသူတစ်ဦးကပြောသည်။
သီပေါမြို့၌ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဆန်တစ်အိတ်ကို ၁၇၀၀၀၀ ကျပ်ဝန်းကျင်ရှိနေပြီး လူဦးရေ ၄၀ ကျော် သည့် ဂေဟာဖြစ်ပါက ဆန်တစ်အိတ် တစ်ပတ်ခန့်သာကျွေးမွေးနိုင်ပြီး ဂေဟာတစ်ခုနှင့်တစ်ခုမှာ စောင့်ရှောက်ထားသည့် ကလေးငယ် အနည်း/အများ မတူညီတာကြောင့် နေ့စဉ်ကုန်ကျစရိတ် တစ်ရက်ကို ကျပ်တစ်သိန်းမှ ကျပ် နှစ်သိန်းဝန်းကျင်ခန့်ရှိနေသည်။
မိဘမဲ့ဂေဟာများဤ အငယ်ဆုံးအသက် လေးနှစ်ကနေ အကြီးဆုံး ၁၄ နှစ် အရွယ်များဖြစ်ပြီး ဗမာ၊ ရှမ်းနှင့် လီဆူ တိုင်းရင်းသားအများစုဖြစ်ကြပြီး အရေးပေါ်စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေကြောင်း နှလုံးသားပရဟိတအဖွဲ့ တာဝန်ရှိသူကပြောသည်။
သူက “ ဂေဟာ သုံးခုလုံးက အကူအညီတောင်းခံစာ ပေးပို့လာတာကြောင့် အဖွဲ့ကနေဦးစားပေးအနေနဲ့ ထောက်ပံ့နေပါတယ်၊ မိဘမဲ့ကလေးတွေကိုလှူချင်လို့ဆိုပြီး စာပို့ပြီး လှူဒါန်းတဲ့အလှူရှင်တွေ ရှိတဲ့အချိန်ထိပဲ ကျွန်တော်တို့ကူညီထောက်ပံ့နိုင်မှာပါ၊ အကြမ်းအားဖြင့် ကလေးငယ်တွေလိုအပ်တဲ့ စောင်၊ အနွေးထည်၊ ငွေသားထောက်ပံ့မှုတွေ လှူဒါန်းထားပါတယ်” ဟုပြောသည်။
သီပေါမြို့ကို တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာတွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး လေလောဆယ်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ကာကွယ်သည့်အနေဖြင့် ဖုန်း၊ အင်တာနက်လိုင်း အသုံးပြုမှုကိုကန့်သတ်ထားသည်။
ကိုကျော်
#MeKongNews









