သီပေါ၌ ဖုန်း၊ အင်တာနက် အသုံးပြုသူများ ဖမ်းဆီးခံနေရသည်ဟူသော သတင်းအပေါ် TNLA ငြင်းဆန်
မဲခေါင်၊ ဖေဖော်ဝါရီ ၆
တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာသား တချို့ကို ဖုန်း၊ အင်တာနက်အသုံးပြုသဖြင့် ဖမ်းဆီးခံရသည်ဆိုသောသတင်းနှင့်ပတ်သက်ပြီး မဟုတ်ကြောင်း TNLA ကငြင်းဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်က စံဖိတ်ရွာလမ်းတလျှောက် အင်တာနက်အသုံးပြုသူ ၄၀ ကျော်ကို TNLA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်းသတင်းတွေထွက်ခဲ့သည်။
“ ကျွန်မတို့ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိပါဘူး၊ သတင်းတု သတင်းမှားသာဖြစ်ပါတယ်”ဟု TNLA ပြောခွင့်ရသူ မလွေးယေဦးကမဲခေါင်ကို ဒီနေ့(ဖေဖေါ်ဝါရီ ၆)ပြောသည်။
TNLA က ဖမ်းဆီးခဲ့ခြင်းမရှိဟု ငြင်းဆိုသော်လည်း စံဖိတ်ရွာ ရွာလမ်းတလျှောက်အင်တာနက်အသုံးပြုသူတွေကို လေကြောင်းအန္တရာယ်ကြောင့် ဖေဖော်ဝါရီလ ၄ ရက်က TNLA ကဖမ်းဆီးခဲ့ကြောင်း သီပေါမြို့ခံများက မဲခေါင်ကိုပြောသည်။
သူက“ ကျွန်တော်သိတာက၊ ဖုန်းပေးမသုံးဘူး၊ လေကြောင်းစိုးရိမ်လို့ပါ၊ ဖမ်းခံရတာတွေရှိတာတော့ကြားတယ်၊ သို့ပေမယ့်ဘယ်နှစ်ဦးလဲဆိုတာမသိပါဘူးခင်ဗျာ”ဟုပြောသည်။
အမည်မဖော်လိုသူ ဒေသခံနောက်တစ်ဦးကလည်း စံဖိတ်ရွာလမ်းတလျှောက်၌ အင်တာနက်ရရှိတဲ့အတွက်အသုံးပြုနေစဉ် လာရောက်ဖမ်းဆီးခဲ့တာဖြစ်သည်ဟု မဲခေါင်ကိုအတည်ပြုထားသည်။
စစ်ကောင်စီက ဇန်နဝါရီလအစပိုင်းမှစတင်ကာ တစ်လလုံးရက်ခြားဆိုသလို TNLA ထိန်းချုပ်နယ်မြေအား လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ကျောက်မဲဒေသကို တော်လှန်ရေးတပ်များက အင်တာနက်နှင့် ဖုန်းအသုံးပြုခွင့်ကန့်သတ်ခဲ့သည်။
ဂနိုက်
#MeKongNews








