မဲခေါင်၊ ဖေဖော်ဝါရီ ၅
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ တိုယိုတာဟိုင်းလတ်စ် ကားတစ်စီးပေါ်က ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများကို ထိုင်းစစ်ဆေးရေးအဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၅) တွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းသတင်းများ၌ ဖော်ပြသည်။
မသင်္ကာဖွယ်ရာ ကားအားစစ်ဆေးခဲ့ရာမှ ကွန်ပျူတာပုံးများ၊ အင်တာနက် ရောက်တာများ၊ စီစီတီဗီကင်မရာ၊ ကွန်ပျူတာ hard disk၊ အင်တာနက်ကေဘယ်၊ ကေဘယ်ချိတ်ဆက်ကလစ်၊ ဆာဗာ၊ ငွေသား ဘတ် ၁၇၃၀၂၀ ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ကားသမားအား စစ်ဆေးရာတွင် ထိုပစ္စည်းများအား မဲဆောက်မှ မြဝတီမြို့သို့ ပို့ဆောင်ပေးရန် လုံခြုံရေးကုမ္ပဏီတစ်ခုက ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ပို့ခအနေဖြင့် ဘတ် ၁၅၀၀ ရရှိကြောင်း ဝန်ခံထွက်ဆိုသည်။
ထို့ကြောင့် ကားသမားအား အကောက်ခွန်ခွင့်ပြုချက်မယူဘဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုဖြင့် အရေးယူရန် စီစဥ်နေကြောင်း သိရသည်။
ကျားဖြန့်ဂိုဏ်းများ အခြေတည်ရာ မြဝတီမြို့တွင် ထိုင်းနိုင်ငံ လုံခြုံရေးပူးပေါင်းအဖွဲ့များက ယခုလဆန်းပိုင်းမှ စတင်ပြီး စစ်ဆေးမှုတင်းကျပ်ထားသည်။ ဖေဖော်ဝါရီ ၁ ရက်ကလည်း မြဝတီမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပြောင်းရွေ့မည့် ကျားဖြန့်လုပ်ငန်းသုံး ပစ္စည်းများအား တာ့ခ်ခရိုင်တွင် ဖမ်းမိခဲ့သည်။
ကျားဖြန့်လုပ်ငန်းများရှိသည်ဟု နာမည်ကြီးနေသည့် မြဝတီအပါ ထိုင်း-မြန်မာနယ်စပ်မှ နေရာများကို ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် စက်သုံးဆီများ ယနေ့ ဖြတ်တောက်လိုက်သောကြောင့် မြန်မာနယ်စပ်မြို့များတွင် လျှပ်စစ်မီးနှင့် စက်သုံးဆီများ ပြတ်လပ်နေသည်။
Ref: AEC อาเซียน News
ကိုကလင်း
#MeKongNews
#ကျားဖြန့်
#မြဝတီ
#နယ်စပ်
#ထိုင်း
#လုပ်ငန်းသုံး
#အာဏာပိုင်
#ဖမ်းမိ








