မိုးဗြဲတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များကြား တိုက်ပွဲပြင်းထန်နေ
မဲခေါင်၊ ဖေဖော်ဝါရီ ၅
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးအင်အားစုများ ဒီနေ့ (ဖေဖော်ဝါရီ ၅ ) ၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကရင်နီပြည်အား ပြန်လည်ထိန်းချုပ်နိုင်ရေး အရေးပါသည့် မိုးဗြဲမြို့ကို စိုးမိုးနိုင်ရေး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာသည့်အတွက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီစခန်းများအား တန်ပြန်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်။
“သူတို့ဘက် ထိုးစစ်ဆင်နေတာမဟုတ်ဘူး၊ ကျနော်တို့ဘက်က ပြန်ထိုးနေတာ” ဟု မြေပြင်ရဲဘော်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ကို လွိုင်ကော်၊ လွိုင်လင်လေးနှင့် ဖယ်ခုံမြို့များမှ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယခုသတင်းရေးသားနေချိန်တွင် စစ်ကောင်စီက လေယာဥ်နှင့် ဗုံးကြဲသွားကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။ ထိခိုက်ပျက်ဆီးမှုများအား စုံစမ်းနေဆဲဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ကရင်နီပြည်နယ်ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးမှာ မိုးဗြဲမြို့ဟာ စစ်ရေးအရ အရေးပါသည့် မြို့တခုဖြစ်သည်။
စစ်ရေးအရ အရေးပါသည့် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရေး မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တွင် တပ်အင်အားဖြည့်တင်းကာ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် ၂၀၂၄ နှစ်ကုန်ပိုင်းနှင့် ဇန်နဝါလ တလလုံးနီးပါး တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေသည်။
ဇန်နဝါရီလအတွင်း စစ်ကောင်စီက ကရင်နီနှင့် ရှမ်းပြည်တောင်ပိုင်း နယ်စပ်ကို ဗုံးကြဲတိုက်ခိုက်မှု ၃၁ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှုအကြိမ် ၃၀ ရှိခဲ့ပြီး ကလေးငယ်အပါ ပြည်သူ ၇ ဦး သေဆုံးခဲ့သည်။
KNDF ရဲဘော် ၆ ဦး ကျဆုံးခဲ့ပြီး နေအိမ် ၃၈ လုံး၊ စာသင်ကျောင်းနှင့် ဘုန်ကြီးကျောင်းများ ပျက်စီးခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
သုဝဏ္ဏခွန်
#MeKongNews
ပုံစာ- ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းက မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ၄၂၂ အား ကရင်နီတော်လှန်တပ်များက တိုက်ခိုက်ပြီးနောက် နေအိမ်များကို စစ်ကောင်စီက ဗုံးကြဲသည့် မြင်ကွင်းများ
Photos – ဂနိုက်









