မဲခေါင်၊ ဖေဖော်ဝါရီ ၃
တာချီလိတ်က Car Showroom နှစ်ခုကို ယနေ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် ကျိုင်းတုံဌာနဆိုင်ရာအဖွဲ့အစည်းတွေ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေထံမှ သိရသည်။
လိုင်စင်မဲ့ – Without ကားရောင်းချနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အားကစားရုံလမ်းပေါ်ရှိ IC Car Showroom နှင့် ရီဂျီးနား ဂေါက်ကွင်းလမ်းထိပ်ရှိ Car ShowRoom တို့တွင် ရောင်းချရန်ရပ်တန့်ထားသည့် ကားများ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အမှုဖွင့်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တာချီလိတ်မှာ ဗျူဟာမှူးကအစ လိုင်စင်မဲ့ ကားဝစ်သောက်စီးတာဘဲ။ ဌာနဆိုင်ရာဝန်ထမ်းတွေဆိုရင် အကုန်လုံးနီးပါး ကားဝစ်သောက်တွေစီးတာ၊ ဒါကို ဖမ်းတယ်ဆိုတော့ ဘာပြောရမှန်းမသိဘူး။ အခုတစ်မြို့လုံး ထိတ်လန့်နေကြတာ ဖမ်းရင်လဲအကုန်သာဖမ်းပစ်၊ သူတို့ဌာနဆိုင်ရာအများဆုံးဘဲ” လို့ သူကပြောသည်။
တာချီလိတ်တွင် စီးနင်းနေသည့် ကားအားလုံး၏ ၉၅ ရာခိုင်နှုန်းမှာ လိုင်စင်မဲ့များဖြစ်ပြီး သက်ဆိုင်ရာကို လိုင်းကြေးပေးကာ မယ်ခေါင်မြစ်ကမ်းမှတဆင့် သင်္ဘောဖြင့်သွင်းလာခြင်းဖြစ်ကြောင်း၊ တာချီလိတ်မြို့တွင်းသို့ ရောက်ရန် စစ်ဆေးရေးဂိိတ် နှစ်ဂိတ်ကို လိုင်းကြေးပေးသွင်းပြီး ကျော်ဖြတ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ညနေဖမ်းဆီးမှုကို ကျိုင်းတုံအခြေစိုက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး တာချီလိတ်မြို့ပေါ်မှ အာဏာပိုင်များ သိရရှိခြင်းမရှိကြောင်း ကားအရောင်းအဝယ် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
တာချီလိတ်မြို့တွင် ကားအရောင်းပြခန်းပေါင်း ရာနှင့်ချီရှိနေပြီး အများစုမှာ ရေဆေးခုံနှင့် တွဲဖက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ အများစုမှာ စည်ပင်သာယာလုပ်ငန်းလိုင်စင်ဖြင့် ဖွင့်လှစ်ကြသော်လည်း လိုင်စင်မဲ့ကား ရောင်းချမှုများရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“အခုဖမ်းတာ လုံးဝအဓိပ္ပာယ်မရှိဘူး။ ရှမ်းပြည်ထဲမှာပဲကြည့်ကြည့်၊ ရှမ်းအရှေ့မှာပဲကြည့်ကြည့် လူတန်းစားအများစုက လိုင်စင်မဲ့ကားပဲစီးကြရတာ။ အားလုံးခက်ခဲကြပ်တည်းကုန်မယ်” လို့ သူက ပြောပါတယ်။
လိုင်စင်မဲ့ကားများကို ဂျပန်နိုင်ငံမှတစ်ဆင့် လေလံမှာယူကြရှိသလို မဲဆောက်ကနေတစ်ဆင့် ထိုင်းနိုင်ငံ၊ ချင်းဆယ်ဆိပ်ကမ်းကနေ မဲခေါင်မြစ်ကို ဖြတ်ကူးပြီး မြန်မာဘက်ကမ်းရှိ ဦးဇွဲဆိပ်ကမ်း၊ ဟုန်ပန်းဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်း ၂ ခုမှ တင်သွင်းကြကြောင်း ဒေသခံများထံမှ သိရသည်။
ထို့သို့တင်သွင်းရာတွင် ဌာနဆိုင်ရာအပါအဝင် အခြေချစစ်ဗျူဟာနှင့် ရဲတပ်ဖွဲ့တို့ကို လိုင်းကြေးပေးပြီး တင်သွင်းလာကြခြင်းဖြစ်သည်။
MK – 004
#MeKongNews
#လိုင်စင်မဲ့ကား
#တာချီလိတ်
#CarShowroom
#မဲခေါင်မြစ်








