လွိုင်ကော်မြို့ပြန်လည်စည်ကားတဲ့သဏ္ဍန်ပြသချင်တဲ့ စစ်ကောင်စီက စစ်ရှောင်တွေ မြို့ထဲပြန်နေဖို့ ဖိအားနဲ့ မက်လုံးပေးတာတွေ ပြုလုပ်နေ
မဲခေါင်၊ ဇန်နဝါရီ ၃၁
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ပြန်လည်စည်ကားလာတဲ့ သဏ္ဍန်ပြသချင်တဲ့ စစ်ကောင်စီက စစ်ရှောင်တွေ မြိ့တွင်းမှာ ပြန်လည်နေထိုင်ကြဖို့ ဖိအားပေးတာတွေရှိသလို တဖက်မှာလည်း မက်လုံးအနေနဲ့ ဂုဏ်ထူးဆောင်ပေးတာတွေလည်း ပြုလုပ်နေပါတယ်။
လွိုင်ကော်မြို့ကနေ နေရပ်စွန့်ခွာပြီး ရှမ်းပြည်တောင်ပိုင်းက မြို့နယ်မှာ စစ်ဘေးရှောင်နေကြသူတွေကို မတ်လ မတိုင်ခင် ဘုန်းကြီးကျောင်းကနေ ရွေ့ပြောင်းခိုင်းတာ၊ နေအိမ်ငှားရမ်းသူတွေကို ငှားရမ်းဖို့ပိတ်ပင်တာတွေ ပြုလုပ်ကာ လွိုင်ကော်မြို့ထဲ ပြန်လည်နေထိုင်အောင် ဖိအားပေးနေတာပါ။
“ အတင်းအဓမ္မဖြစ်စေ လွိုင်ကော်က လူထုတွေကို လွိုင်ကော်မှာ ပြန်နေအောင်လုပ်နေတာပေါ့၊ မြို့ပေါ်ရပ်ကွက်တချို့မှာနေလို့ရပေမယ့် ရပ်ကွက်အများစုက နေလို့မရသေးပါဘူး” လို့ ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ( IEC) ရဲ့ အတွင်းရေးမှူး (၂ )ဦးဗညားက ပြောပါတယ်။
မိုင်းအန္တရာယ်တွေရှိနေသေးတဲ့အပြင် မြို့ရဲ့ အနီးဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွါးတာတွေရှိနေသေးတာကြောင့် အန္တရာယ်ရှိနိုင်ကြောင်းနဲ့ အသက်ကြီးပိုင်းကအစ စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာတွေရှိနေတယ်လို့ ဦးဗညားကပြောပါတယ်။
လွိုင်ကော်မြို့ရဲ့ ရှမ်းပိုင်း၊ ဒေါနိုးကူး၊ မင်းစု၊ နမ့်ဘော်ဝမ်၊ ဓမ္မာရုံ၊ မင်္ဂလာ စတဲ့ရပ်ကွက်တွေမှာ ပြည်သူအချို့ ပြန်လည်နေထိုင်တာတွေရှိနေပြီး ကျန်တဲ့ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေမရှိသေးသလို နေထိုင်ဖို့အတွက်လည်း လုံခြုံစိတ်ချရမှုမရှိသေးဘူးလို့ လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်နေသူတစ်ဦးက ပြောပါတယ်။
“ သိပ်တော့မများသေးဘူးရှင့်၊ အချို့နေရာတွေက နေလို့မရသေးဘူးရော” လို့သူကပြောပါတယ်။
စစ်ကောင်စီက မက်လုံးပေးစည်းရုံးတဲ့အနေနဲ့ ဝန်ထမ်းတွေ ပုံမှန်လုပ်ဆောင်ရတဲ့ လုပ်ငန်းတာဝန်လုပ်ဆောင်သူတွေကို ဂုဏ်ထူးဆောင်ပေးအပ်တာတွေ၊ ပြည်နယ်ကမဟုတ်သူတွေကို ပြည်နယ်ခေါင်းစဉ်အောက်ကနေ ဂုဏ်ထူးဆောင်ပေးအပ်တာတွေလည်း လုပ်ဆောင်နေပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်က မဟုတ်တဲ့ လုံခြုံရေး၊ စီမံခန့်ခွဲရေး၊ စိုက်ပျိုးရေး၊ လူမှုရေးကဏ္ဍဆောင်ရွက်ရေး နဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်တဲ့ Non CDM ရဲနဲ့ စစ်သားတွေကို ဇန်နဝါရီလ ၂၉ ရက်က ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခဲ့တာပါ။
လွိုင်ကော်မြို့နဲ့အနီးတဝိုက်မှာလည်း ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။
အခုလ(ဇန်နဝါရီ) ၁ ရက် နှစ်သစ်ကူးနေ့မှာ လွိုင်ကော်အရှေ့ဘက်ခြမ်းတနေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ သုံးဦးသေဆုံးခဲ့ပါတယ်။
CJ-004
#MeKongNews







