~ Vaishali Basu Sharma ~
ပါကစ္စတန်ဟာ သူတို့နိုင်ငံက ဗုဒ္ဓအမွေအနှစ်တွေကို ထိန်းသိမ်းဟန်ပြ၊ ဗုဒ္ဓဘာသာခရီးသွားလုပ်ငန်းတွေကို မီးမောင်းထိုးဦးစားပေးလုပ်ဆောင်နေသလိုနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဟန်ပြနေခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း မှာတော့ ပါကစ္စတန်မှာ တစ်ချိန်က ဘုန်းမီးနေလ တောက်ပခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဒီကနေ အနည်းစုသာ ကျန်ရှိတော့ပြီး သူတို့ရဲ့ အမွေအနှစ်နဲ့ ဘာသာရေးရပ်တည်ချက်ဟာလည်း ဆုတောင်းရှိခိုးစရာ ဘုရားကျောင်းကန်၊ စေတီပုထိုးနဲ့ တရားဟော ပုဂ္ဂိုလ်တွေ မရှိသလောက် ဖြစ်နေပြီး နောက်ဆုံးရှင်သန်ရပ်တည်ဖို့ မလွယ်ကူတော့တဲ့အခြေအနေရောက်နေခဲ့ပါပြီ။ ပါကစ္စတန်အစိုးရရဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်စောင့်ရှောက်ဖို့ မျက်ကွယ်ပြုခြင်းကလည်း ဒီနိုင်ငံမှာ နောက်ဆုံးလက်ကျန် ဗုဒ္ဓဘာသာဝင်တွေ ပျက်သုဉ်းလု အနေအထား ရောက်ရှိစေခဲ့တာဖြစ်ပါတယ်။
ဂန္ဓာရ၊ တက္ကစီလာ၊ Swat တောင်ကြား တိုင်းတွေဟာ ဗုဒ္ဓခေတ်ဦးအနုပညာလက်ရာပေါင်းများစွာ ထွန်းကား တည်ရှိခဲ့တဲ့ စီမံကိန်းဒေသတွေဖြစ်ပါတယ်။ ရှေးဟောင်းဂရိခေတ်နဲ့ ဗုဒ္ဓဘာသာအနုလက်ရာတွေထွန်းကားခဲ့ရာ ဂန္ဓာရတိုင်းမှာ Greco-Buddhist Art ထိန်းသိမ်းစောင့်ရှောက်ရေး ဂန္ဓာရစင်္ကြန်မူကြမ်းအဖြစ် ၂၀၂၄ ခုနှစ်က ပါကစ္စတန်အမျိုးသားညီလာခံမှာ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ ရာမက်ရှ်ကူးမားဗန့်ဝါနီက တင်သွင်း ခဲ့ပါတယ်။ ဂန္ဓာရတိုင်းပြည်သူတွေ ရှင်သန်နေထိုင်ရာ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိခဲ့တဲ့ ပါကစ္စတန်မြောက်ပိုင်း ဒေသကို ဗဟိုပြုပြီး ပါကစ္စတန်နဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း ပြန်လည် ထိတွေ့ဆက်ဆံနိုင်ရေး စီမံကိန်းဖြစ် ပါတယ်။ တကယ့် တန်ဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓခေတ်ဦးအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ နိုင်ငံအဆင့်မြင့် ပုဂ္ဂိုလ်တွေကိုယ်တိုင် စီမံခန့်ခွဲရေးယူနစ်တွေ ထူထောင်စောင့်ထိန်းဖို့ အဆိုပြုတင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးခြင်းက ဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်ရှင်သန်ရာ အာဆီယံနိုင်ငံတွေနဲ့ ပိုမို ချစ်ခင်ရင်းနှီးတဲ့ဆက်ဆံရေး အဝန်းအဝိုင်းကြီးတစ်ခု ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် ဘုန်းတော်ကြီးတွေရဲ့ ဗုဒ္ဓအမွေအနှစ်ရှေးဟောင်း ပရဝဏ်တွေကို အလည်အပတ်ခရီးစဉ်တွေ၊ ဝါတွင်း ၃ လကို ရည်ညွှန်းတဲ့ Varsa Vassa ခရီးစဉ်တွေ၊ ဂန္ဓာရစာတမ်းဖတ်ပွဲ ပြယုဂ်တွေကို ဖော်ဆောင်ပြီး ဗုဒ္ဓရိုးရာအမွေ အနှစ်နေရာတွေကို စောင့်ထိန်းမယ့် အဖွဲ့အစည်းတွေပါ ဖွဲ့စည်းစေဖို့ အဆိုပြုခဲ့တာပါ။ ဒါပေမဲ့ ဒီဖော်ဆောင်မှုတွေဟာ မြင်ရ ခဲလွန်းတဲ့ ရှားပါးဖြစ်စဉ်တွေအဖြစ်သာရှိနေတာဖြစ်ပြီး တကယ့်မြေပြင်အနေအထားကတော့ တာလီဘန် ဘာသာရေးအစွန်းရောက်တွေရဲ့ ကြီးစိုးရာ အယူဝါဒတွေကြောင့် ကြမ်းတမ်းရက်စက်တဲ့ ဖြစ်ရပ်မှန်တွေကသာ မြင်မကောင်း တည်ရှိနေတော့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးလွန်းတဲ့ ကမ္ဘာတစ်ဝန်းက ဗုဒ္ဓဘာသာဝင်တွေအတွက် အမဲရောင်ရက်စွဲအဖြစ် ယူကြုံးမရဖြစ်ခဲ့ရတာကတော့ ၂၀၀၁ ခုနှစ် မတ်လ ၂ရက်နေ့မှာ ဆိုက်ရောက်လာခဲ့ပါတယ်။ ပိုးလမ်းမပေါ်က မြင့်မြတ်တဲ့ ဗုဒ္ဓဘာသာ အမွေအနှစ်ကြီးလည်းဖြစ် ၆ ရာစုကတည်းက တည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီး ၂ ခုကို အာဖဂန်နစ္စတန်က ဘာမီယန်းတောင်ကြားမှာ တာလီဘန်တွေက ဖျက်ဆီးလိုက်ကြပါတယ်။ ဒီဖျက်ဆီးမှုမှာ ပါကစ္စတန်တွေ ပါဝင်ခဲ့တာကို ဘယ်လိုမှ ငြင်းလို့ မရနိုင်ခဲ့ပါဘူး။ ဘုံခေတ် CE ၂ ရာစုကတည်းက စလို့ ဘာမီယန်းတိုင်းမှာ ဗုဒ္ဓဘာသာဝင်တွေဟာ ပိုးလမ်းမတစ်လျှောက် ကူရှန်အင်ပါယာခေတ်နဲ့အတူ ထွန်းကားစည် ပင်ခဲ့ပါတယ်။ CE ၇၇၀ နှစ် အစ္စလာမ္မစ်တွေ အောင်နိုင်တဲ့ခေတ်ရောက်လာတဲ့အထိလည်း ဘာမီယန်းဗုဒ္ဓသာသန အဆောက်အအုံတွေဟာ မပျက်မစီး ရှိနေခဲ့ပါတယ်။ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန် ကိုယ်တိုင် ဘာမီယန်းတောင် ကြားကို ၁၂၂၁ ခုနှစ်မှာ ဝင်ရောက်သိမ်းပိုက်ပြီး ရန်သူများစွာကို ရှင်းလင်းဖယ်ရှားခဲ့ ချိန်မှာတောင် ဘာမီယန်းတိုင်းက ဗုဒ္ဓအမွေအနှစ်တွေကို လုံး၀ မပျက်စီးစေခဲ့ပါဘူး။
ဘာမီယန်းဗုဒ္ဓဘာသာဝင်တွေ ပျက်သုဉ်ခြင်းမတိုင်မီ ပါကစ္စတန်ရဲ့ Swat တောင်ကြားမှာကိုက ဒေသခံလက်နက် ကိုင်အကြမ်းဖက်အဖွဲ့တွေဟာ ဂျီဟန်အဘတ်က ဗုဒ္ဓရုပ်ပွားတော်ကြီးတွေကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲ ဖျက်ဆီး ပစ်ခဲ့ကြပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ကျောက်တုံးနဲ့ ထုဆစ်ထားတဲ့ ဘာမီယန်းရုပ်ပွားတော်ကြီးကို ဖျက်ဆီး ခဲ့ကြတာပါ။ ပါကစ္စတန်က တခြားသော ဗုဒ္ဓရှေးဟောင်းအမွေအနှစ်တွေ၊ စေတီပုထိုးတွေဟာလည်း Takht Bhai ဗုဒ္ဓအမွေအနှစ်ဖျက်ဆီးအစဖျောက်ခြင်း ပုံစံအတိုင်း လုံး၀ ပျက်သုဉ်းခြင်းဆီ ရောက်ရှိလာခဲ့ပါတယ်။
ကျူဘာပက်တန်ခွာ ပြည်နယ် မာဒန်ခရိုင်က ဂန္ဓာရဗုဒ္ဓအမွေအနှစ်တွေရဲ့ ဗဟိုချက် Seri Bahlol မှာလည်း တရား မဝင်ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ တရားမဝင် ရှေးဟောင်းပစ္စည်းတူးဖော်ရေးလုပ်ငန်းတွေကို အရမ်းကာရော လုပ်ဆောင်နေခဲ့မှုကိုလည်း ပါကစ္စတန်အစိုးရက မသိကျွိုးကျွံ မျက်ကွယ်ပြုနေထိုင်ခြင်းကြောင့် ပျက်စီးခြင်း ၅ ပါးကိန်းဆိုက်ခဲ့ရပါတယ်။ Seri Bahlol ဟာ ၁၉၈၀ ခုနှစ်ကတည်းက ယူနက်စ်ကို ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးစောင့်ရှောက်ခံစာရင်းဝင်ခဲ့ပေမယ့် ဗုဒ္ဓအမွေအနှစ်လက်ရာတွေကို လုံလောက်တဲ့ ထိန်းသိမ်းမှုတွေ မလုပ်ပေးတော့တာ၊ ဒေသခံတွေကိုယ်တိုင်က တရားမဝင် ရှေးဟောင်းပစ္စည်းတူးဖော်ရောင်းစားနေမှုမှာ ထဲထဲဝင် ဝင်ပါဝင်လာကြတာ၊ ဗုဒ္ဓရှေးဟောင်းအမွေအနှစ်တွေကို တရားမဝင် ရှေးဟောင်းပစ္စည်းမှောင်ခိုသမားတွေ လက်ထဲ ထိုးအပ်ရောင်းစားကြတာတွေက ဘယ်လိုမှ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ မဖြစ်နိုင်တော့တဲ့ ပျက်သုဉ်းခြင်းဆီ ရောက်ရှိစေခဲ့တာပါပဲ။ ကူရှန်အင်ပါယာခေတ်က ဗုဒ္ဓ ရုပ်ပွားတော်၊ စေတီပုထိုးတွေနဲ့ စည်ပင်လွန်းခဲ့ရာ သမိုင်းဝင် အဆောက်အအုံတွေပေါ်မှာ အိမ်ရာဖောင်ဒေးရှင်းတွေကို တူးဆွအုတ်မြစ်ချ၊ ကိုယ့်အိမ် ကိုယ်ဆောက်ရာမှာ ရွာသားတွေဟာ အဖိုးအနဂ္ဂထိုက်တန်တဲ့ ရှေးဟောင်း ဗုဒ္ဓအနုလက်ရာ ကျောက်တုံးတွေကို ကိုယ့်အိမ်ဆောက်ရာမှာ ထည့်သွင်းဆောက်လုပ်ကုန်ကြတယ်။ ဆောက်လုပ်ရေးစွန့်ပစ် ပစ္စည်းပုံတွေကြား ဗုဒ္ဓ သာသနိကအဆောက်အအုံတွေ အမှိုက်ပုံထဲ ရောက်သလို ဖုံးလွှမ်းခံရတယ်။ ဒေသခံ ရွာသားတွေဟာ သူတို့ ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာရေးဆုတောင်းပြုမှုကနေ ကုသိုလ်ရမှုအလား ဗုဒ္ဓရှေးဟောင်းအမွေအနှစ်တွေကို တူးဖော်ရောင်းချခြင်းကလည်း ကုသိုလ်ဖြစ်တယ်ဆိုတဲ့ အမြင်တွေ သွပ်သွင်းခံခဲ့ကြရတယ်။ ဒီလိုလုပ်ဆောင် ခြင်းဟာ ဘာသာတာဝန်လို့ပါ ခံယူယုံကြည်ကုန်ကြတယ်။
ပါကစ္စတန်နိုင်ငံကို မွတ်ဆလင်လူမျိုးအများစုနဲ့ ထူထောင်နိုင်ခဲ့မှုဟာ သက်တမ်း ၇၇ နှစ်သာ ရှိပါသေးတယ်။ အိန္ဒိယတိုက်ခွဲ အာရပ် စစ်တပ်တွေ ရောက်မလာသေးခင်အထိ ဒေသခံတွေဟာ သူတို့မြေပေါ်က ဗုဒ္ဓရိုးရာ အမွေ အနှစ်တွေကို တူးဖော်ရောင်းစားဖျောက်ဖျက်ကြဖို့ စိတ်မဝင်စားသေးပါဘူး။ ၇၁၂ CE ရောက်မှ ပါကစ္စတန်ဟာ မွတ်ဆလင်နိုင်ငံတော်အသွင်ကို စတင်ကူးပြောင်းတာဖြစ်ပါတယ်။ ဒီနေ့ အချိန်အခါမှာတော့ ပါကစ္စတန်မှာ မွတ် ဆလင်ဘာသာဝင်မဟုတ်တဲ့လူမျိုးပေါင်းစုံ ဆက်လက်ယုံကြည်ရှင်သန်ရေးက အခက်ခဲဆုံးအခြေအနေကို ရောက်သွားခဲ့ရပါပြီ။ ဒီအထဲ ပန်ချာပီ၊ ဆင်ဒစ်ရှ်၊ ဘာလိုချစ်ပ်စ်၊ ပက်ရှ်တန်စ်၊ ဆီရိုင်ကစ်တွေပါ ပါဝင်နေပြီး သူတို့အားလုံးဟာ အစ္စလာမ်ဘာသာကို ကော်နဲ့ကပ်ထားသလို စွဲမြဲကိုးကွယ်ရတဲ့ အဖြစ်ဆီ ရောက်ရှိကုန်ကြပါပြီ။ CE ၈ ရာစုကမှ ဒီဒေသကို အစ္စလာမ်ဘာသာဝင်တွေ စတင်ရောက်ရှိပြီး မူရင်း ဒေသခံတွေ ကိုးကွယ်ယုံကြည်ရှင်သန်နေထိုင်မှု စရိုက်အားလုံးမှာ အစားထိုးဝင်ရောက်လို့ သမိုင်းတွင်တဲ့ သင်ခန်းစာတွေကို ပါကစ္စတန်လူ့အသိုင်းအဝိုင်းက ပွေ့ဖက် ခံစားခဲ့ရတာပဲဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ Sindh ပြည်နယ် Naushahro Feroze ခရိုင်က ဗုဒ္ဓဘာသာဝင် ၅ ယောက်ပါ ကိုယ် စားလှယ်အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံမှာ ဒီကနေ ကျန်ရှိနေသေးတဲ့ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေဟာ ပျက်သုဉ်းခြင်း အရာရောက်နေပြီး ဖူးမျှော်ဆုတောင်းရာ စေတီ၊ရုပ်ပွားတော်၊ သာသန၀တ္တကနယ်မြေတွေမရှိတော့ခြင်း၊ တရားဟောကြားသင်ကြားပေးမယ့် ပုဂ္ဂိုလ်တွေမရှိတော့ခြင်း၊ အစိုးရအထောက်အပံ့လုံး၀ မရတော့ခြင်းအပေါ် အထိတ်တလန့်နဲ့ အဖြေရှာဖို့ ကြိုးစားလာခဲ့ကြပါတယ်။ ပါကစ္စတန်က ဗုဒ္ဓဘာသာဝင်တွေနဲ့ ဂျိန်းသမိုင်းများ ပြန်လည်ဖော်ထုတ်ပြသရေးဆိုင်ရာကိစ္စအကောင်အထည်ဖော်ဖို့ ပန်ဂျပ်ပြည်နယ်အစိုးရအဖွဲ့နဲ့ တိုင်ပင်ပြီး လုပ်ဆောင်လာကြတယ်။ ပါကစ္စတန်ရှိ ဗုဒ္ဓဘာသာ အနာဂတ်ဟာ အားရစရာမရှိတော့၊ အကြောင်းအမျိုးမျိုးကြောင့် ပါကစ္စတန်မှာ ဗုဒ္ဓဘာသာ မျိုးသုဉ်းလုနီးနီးဖြစ်နေပြီလို့ ဒီကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် လာလာမူနီးယားက က မှတ်ချက်ပေးပြောဆိုသွားပါတယ်။ ပါကစ္စတန်မှာ ဗုဒ္ဓဘာသာဝင်အများစုဟာ ပန်ဂျပ်ပြည်နယ်တောင်ပိုင်း ရိုဟီဒေသနဲ့ Sindh ဒေသမှာသာ နေထိုင်နေကြပါတယ်။ ဒီလူတွေအတွက် ဘုရားဝတ်ပြုဖို့ စေတီ၊ ဘုန်းကြီး ကျောင်း၊ ဘုရားကျောင်းကန်မရှိတော့လို့ ဗုဒ္ဓဘာသာ အထိမ်းအမှတ်၊ အခါကြီးရက်ကြီး ဘာသာရေးလုပ်ငန်း ဆောင်တာတွေအားလုံးကို ကိုယ့်အိမ်မှာပဲ ကိုယ်တိုင် သိုသိုသိပ်သိပ်လုပ်ဆောင်နေရကြောင်း မူနီးယားက ဆက်လက်ပြောကြားသွားပါတယ်။
အစ္စလာမ္မစ်တွေသာ ကြီးစိုးသွားတဲ့ နိုင်ငံဖြစ်လို့ ဒေသခံ အာဏာပိုင်တွေကိုယ်တိုင်က တကယ့် ဗုဒ္ဓဘာသာ သမိုင်းဝင်အဆောက်အအုံနေရာ Swat ဒေသက Buth Kada မှာ စေတီပုထိုးစံပြုဘုရားရှင် နယ်မြေအမည်ကနေ Gul Kada (ပန်းတို့နယ်မြေ) ဆိုပြီး အမည်ပြောင်းပေးခဲ့ကြပါတယ်။ ဒီအကြောင်း ဒေသခံတစ်ယောက်ကို မေးကြည့်တော့ ပြုံးထေ့ထေ့အမူအရာနဲ့ “ ကျွန်ုပ်တို့ ပါကစ္စတန်နိုင်ငံသားများသည် အရာအားလုံးမှာ အစ္စလမ်ဘာသာထုံးအတိုင်း ကျင့်သုံးကြသည်” လို့ ပြန်ဖြေခဲ့ပါသတဲ့။
ဒီကနေ ပါကစ္စတန်ရဲ့ ဒေသတချို့မှာ ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်တွေကို ပရိုမိုးရှင်းလုပ်ရင် လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေပါပြီ။ ခေတ်ပြိုင် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းဆိုတာ အင်မတန်မှ နည်းပါးရှားပါးလွန်းနေပြီး ဒီလူတန်းစားဟာလည်း နေထိုင်ရာ ဆင်းဒ်၊ ပန်ဂျပ်၊ တက္ကစီလာဒေသတွေမှာ တရားမဝင် ရှေးဟောင်းအမွေအနှစ် တူးဖော်ရေးလုပ်ငန်းတွေ၊ ခေတ်မီမြို့ပြတည်ဆောက်ရေးလုပ်ငန်းတွေ၊ အစိုးရရဲ့ သင့်လျှော်တဲ့ စီမံခန့်ခွဲပေးနိုင်မှု မရှိခြင်းတွေကနေ ခြိမ်းခြောက်ခံရမှုတွေကြောင့် ရှင်သန်ရပ်တည်နိုင်ဖို့ ခက်ခဲလွန်းနေခဲ့ပါပြီ။
ဒီနေ့ပါကစ္စတန်ဆိုတာ ဗုဒ္ဓဘာသာဝင်နည်းပါးလွန်းရာမှာ တည်ရှိနှုန်းက သုည ရာခိုင်နှုန်းနီးပါးအထိ ရောက်နေပါ ပြီ။ ဗုဒ္ဓဘာသာဝင်တွေ နည်းပါးရှားပါးလာခြင်းက သဘာ၀လူဦးရေအပြောင်းအလဲ ဖြစ်မှုထက် ဗုဒ္ဓဘာသာဝင် တွေအပေါ် နှိပ်စက်ညှင်းပန်းခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်းအကျိုးဆက်တွေကြောင့်သာ ပျက်သုဉ်း လုအခြေအနေရောက်သွားခဲ့တာဖြစ်ပါတယ်။
တစ်ချိန်က တိုးတက်ထွန်းကားခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှုအဖွဲ့ကို ဘာသာရေးအစွန်းရောက်တွေရဲ့ အမြစ်ဖြတ်ချေမှုန်းမှုအောင်မြင်သွားခြင်းမှာ ဗုဒ္ဓဘာသာဝင်တွေ လျှော့နည်းသထက် လျှော့နည်းလာတဲ့ လူအဖွဲ့ အစည်းဖြစ်လာတာ ဝမ်းနည်းဖွယ်ရာပါ။ တောင့်ခံပြီး ဆက်လက်ရပ်တည်နေတဲ့ ဗုဒ္ဓဘာသာဝင်အများအပြားဟာလည်း ကိုယ့် လုံခြုံရေးအတွက် ကြောက်ရွံ့နေကြပြီး ကိုယ့်ယုံကြည်ကိုးကွယ်ရာ ဘာသာရေးဆိုင်ရာ အမှတ်သညာကို ဖုံးကွယ်ဖျောက်ဖျက်ပေးဖို့ အတင်းအကြပ် ခိုင်းစေခံနေကြရပါပြီ။
ပြီးခဲ့တဲ့ နှစ်ပိုင်းလေးအတွင်း ပါကစ္စတန်မှာ အာဏာပိုင်မှုအလွှဲအပြောင်းတွေ ရှိလာတော့ အစိုးရဟာ ရှေးဟောင်းသုတေသနနဲ့ ပြတိုက်ဦးစီးဌာနကို ဒေသဆိုင်ရာ အာဏာပိုင်တွေဆီ လွှဲပြောင်းတာဝန်ပေးအပ် လိုက်ပါတယ်။ ကျူဘာပက်ထန်ခွာ (Khyber Pakhtunkhwa) ပြည်နယ်အစိုးရက သူတို့မှာ ရှိနေသေးတဲ့ ဂန္ဓာရ ဗုဒ္ဓဘာသာရှေးဟောင်းအမွေအနှစ်နေရာ ၂၀၀၀ ကို ထိန်းသိမ်းဖို့ လျစ်လျှူရှုထားတာကြောင့် ဗုဒ္ဓရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ခိုးယူမှောင်ခိုလုပ် တူးဆွနေကြခြင်းက သမိုင်းဝင် အဆောက်အအုံတွေကို ပျောက်ကွယ်စေဖို့ ပိုမိုအခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနေပါပြီ။ Sri Behlol ဒေသလိုပဲ များစွာသော ဗုဒ္ဓယဉ်ကျေးမှုအဆောက်အအုံတွေ ပျောက်ကွယ်ကုန်ကြပါပြီ။ Swat ဒေသမှာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပြတိုက်ရဲ့ ကာကွယ်စောင့်ရှောက်ခံ ဗုဒ္ဓသမိုင်းဝင်နေရာ ၂၁ ခု ရှိတယ်ဆိုတာဟာ စာရွက်ပေါ်မှာသာ ရှိတော့ပြီး ၅ နေရာက ဒီကနေ လုံး၀ မရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့ပါပြီ။
ဒါကြောင့် ဒီနေ့အချိန်အခါမှာ ကမ္ဘာ့လူဘောင်အသိုင်းအဝိုင်းတစ်ခုလုံးက ပါကစ္စတန်ရဲ့ ယဉ်ကျေးမှု ရတနာတွေ အပေါ် ဖျက်ဆီးနေခြင်းအတွက် ဆန့်ကျင်အသံထွက်ပေးဖို့နဲ့ ရှိရင်းစွဲ ရှေးဟောင်းအမွေအနှစ်တွေကို မှတ်ပုံတင် ပြုစုစောင့်ရှောက်ထားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးသင့်ပါပြီ။ အစိုးရကိုယ်တိုင်က ဗုဒ္ဓယဉ်ကျေးမှုအမွေခံသူတွေ၊ အမွေအနှစ်တွေအပေါ် ရက်စက်စွာဖျက်ဆီးနေခြင်းမှာ လှည့်ဖြားဖုံးကွယ်မှုတွေ မလုပ်ဘဲ စည်းရုံးရေးခရီးစဉ်တွေ၊ စာတမ်းဖတ်ပွဲတွေနဲ့ ဂန္ဓာရစင်္ကြန်အကြောင်း ပြောဆိုလှုံ့ဆော်မှုတွေ ဖော်ဆောင်ပေး သင့်ပါပြီ။ ဒီအချိန်မှ ကမ္ဘာကြီးက အချိန်မီ မတားမြစ်နိုင်ရင်တော့ ရှေးဦးဗုဒ္ဓသမိုင်းရဲ့ အဖိုးအတန်ဆုံးသော အမွေ အနှစ်တွေကို ဆုံးရှုံးရမယ့်ဘေး ဆိုက်ကပ်နေခဲ့ပြီဖြစ်ပါကြောင်း . . .။ ။
#MeKongNews








