စစ်ကောင်စီတပ်သား လေးဦး လက်နက်တွေနဲ့ Loikaw Local PDF ထံ အလင်းဝင်
မဲခေါင်၊ ဇန်နဝါရီ ၂၉
ကရင်နီပြည်၊ ဘောလခဲအခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ တပ်သားလေးဦး ဇန်နဝါရီလ ၂၉ ရက်နေ့မှာ လွိုင်ကော်မြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် Loikaw Local PDF ဆီမှာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ သိရပါတယ်။
အလင်းဝင်လာသူတွေဟာ MA1 သေနတ် ၃ လက်၊ ကျည်ဘောက် ၇ ခု၊ ကျည် နဲ့ မိုင်းတွေနဲ့အတူ အလင်းဝင်လာတာဖြစ်ပြီး လုံခြုံတဲ့နေရာမှာ ပို့ဆောင်ပေးထားတယ်လို့ Loikaw Local PDF က ထုတ်ပြန်ပါတယ်။
“ဟိုပုံးနဲ့ ဗထူးဘက်က အပတ်စဥ် ၃ နဲ့ ၄ ။ စစ်မှုထမ်းဥပဒေနဲ့ ဆွဲခံရတာလို့ပြောတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်လာဆွဲတဲ့တယောက်လည်းပါတယ်။ သင်တန်းက သုံးလ တက်ရတယ်တဲ့။ဟိုပုံးမှာပေါ့။ မိခင်တပ်ရင်းကတော့ ဘောလခဲ ၄၂၉ အဲ့ကိုပို့တာလို့ပြောတယ်”လို့ Loikaw Local PDF ရဲ့ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့ ပေါ်တာဆွဲခံရသူတွေ၊ စစ်မှုထမ်းအမည်စာရင်းပေါက်လို့ ရှေ့တန်းရောက်လာရကာ အလင်းဝင်ချင်တဲ့သူတွေ များပြားတယ်လို့ အလင်းဝင်လာသူတွေက ပြောပါတယ်။
Loikaw local PDF ဆီမှာ လာရောက်ပူးပေါင်းလို့တဲ့ ပြည်သူ့စစ်မှုထမ်းတွေ၊ အရာရှိစစ်သည်ရဲဘော်တွေ၊ အောက်ခြေရဲဘော်တွေ၊ Non CDM ဝန်ထမ်းတွေ ဘယ်သူ့ကိုမဆို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး လုံခြုံရေးနဲ့ စိတ်ဆန္ဒသဘောထားအလိုက် ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ဖိတ်ခေါ်ထားပါတယ်။
ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ဘောလခဲ အခြေစိုက် ခမရ ၄၃၀ တပ်ရင်းကနေ တပ်သား သုံးဦးက KNDF တပ်ဖွဲ့ဆီမှာ အလင်းဝင်လာခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပေါ်တာဆွဲခံရသူတွေ၊ အမည်စာရင်းပေါက်လို့ ကရင်နီပြည် ရှေ့တန်းရောက်လာသူတွေက စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းလိုတာကြောင့် တော်လှန်ရေးအင်အားစုတွေဆီ အလင်းဝင်လာတာ အယာက် ၁၀၀ ခန့်ရှိပြီလို့ KNDF က ပြောပါတယ်။
CJ-004
#MeKongNews









