ကျောက်မဲမြို့ကို ငါးကြိမ်မြောက် စစ်ကောင်စီ ဗုံးထပ်ကြဲ
မဲခေါင်၊ဇန်နဝါရီ ၂၇
ဇန်နဝါရီလ အစပိုင်းကတည်းက ဆက်တိုက်ဆိုသလို စစ်ကောင်စီက ဗုံးကြဲနေတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ငါးကြိမ်မြောက်အဖြစ် ဒီနေ့(ဇန်နဝါရီလ ၂၇ )နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်က ဗုံးထပ်ကြဲပါတယ်။
လတ်တလောရရှိတဲ့ သတင်းအရ ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး မြို့တော်ခန်းမအထိနားကို ကျရောက်ပေါက်ကွဲတာဖြစ်ပြီး မြို့တော်ခန်းမအနီးမှာ ညစျေးရှိပြီး လူစည်ကားတဲ့အချိန်ဖြစ်တာကြောင့် အထိအခိုက်ရှိနိုင်တယ်လို့ သူကပြောပါတယ်။
“ကျမတို့နဲ့ နည်းနည်းဝေးတယ်၊ ဒါပေမဲ့ ခေါင်းပေါ်ကဖြတ်သွားသလိုပဲခံစားရတာ၊ တစ်မြို့လုံးလေယာဉ်သံချည်းပဲ၊ မြို့တော်ခန်းမနားလို့ကြားတယ်၊ အဲ့နားမှာ ညစျေးရှိတယ်၊ လူစည်နေတယ်” လို့ ကျောက်မဲမြို့ခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
ဒေသခံနောက်တစ်ဦးကတော့ ပါတီယူနစ်နဲ့ ထွေအုပ်ရုံးအနီး ကျတာဖြစ်နိုင်တယ်လို့ မဲခေါင်ကိုပြောပါတယ်။
သတင်းအပြည့်အစုံကို မဲခေါင်က ထပ်မံဖေါ်ပြသွားပါမယ်။
ပြည်သူတွေ စစ်ဒဏ်သင့်နေတာကြောင့် စစ်ကောင်စီနဲ့ဆွေးနွေးရန်အသင့်ရှိတယ်လို့ TNLA ကပြောဆိုထားပေမဲ့ ဆွေးနွေးရေးကိစ္စကို စစ်ကောင်စီဘက်ကထုတ်ပြန်တာမရှိသေးပဲ လေကြောင်းတိုက်ခိုက်ပြီး ပြည်သူကိုရန်ပြုနေတာပါ။
လေးကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၂၅ ရက်က ကျောက်မဲဆေးရုံကို ဗုံးလေးလုံးကြဲခဲ့တာကြောင့် ဆေးကုသရေးဝန်ထမ်း နှစ်ဦး၊ ဆေးကုသမှုခံယူနေတဲ့ လူနာတစ်ဦး သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇန်နဝါရီလ တလမပြည့်သေးခင်ကာလအတွင်း တအောင်းပြည်နေရာအနှံကို ဆက်တိုက်ဆိုသလိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၅ ဉီးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိထားပြီးဖြစ်ပါတယ်။
MK -016
#MeKongNews
ဓါတ်ပုံ။ ကျောက်မဲဆေးရုံဗုံးကြဲခံရတဲ့ ပုံဟောင်း








