သီပေါမှာ အမျိုးသားနှစ်ဦး စစ်လက်ကျန်ပစ္စည်း ကိုင်ကြည့်စဉ် ပေါက်ကွဲပြီး သေဆုံး
မဲခေါင်၊ ဇန်နဝါရီ ၂၇
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အမျိုးသား နှစ်ဦး စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားတယ်လို့ သီပေါဒေသခံတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ ၂၅ ရက်၊မနက် ၉နာရီခန့်မှာ သီပေါမြို့နယ် ၊ကုံးစုံကျေးရွာသား ကိုကျော်ဇေယျဦး အသက် ၃၀ နဲ့ ကိုဖိုးသား အသက်၃၂ တို့နှစ်ဦး စစ်လက်ကျန် လက်ပစ်ဗုံးကိုကိုင်ကြည့်နေစဉ် ပေါက်ကွဲပြီး နေရာမှာပင်သေဆုံးသွားတယ်လို့ ဒေသခံကပြောပါတယ်။
သေဆုံးသွားသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို သီပေါမြို့က နယ်စည်းမခြားပရဟိတအသင်းက သွားရောက်ကူညီသယ်ဆောင်ပေးပြီး သီပေါဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ် ။
ဇန်နဝါရီ ၂၂ ရက်ကလည်း သီပေါမြို့နယ်၊ မန်ကောင်းရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိပြီးသေဆုံးခဲ့သလို ဇန်နဝါရီ ၇ ရက်ကလည်း စံဖိတ်ရွာက ဦးအိုက်ဆိုင်ဆိုသူဟာ ခြံအတွင်း မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။
TNLA အုပ်ချုပ်ရေးပိုင်းကတော့ ဒေသခံတွေအနေနဲ့ စစ်လက်ကျန်လက်နက်တွေဟာ အန္တရာယ်ရှိလို့ အနားမသွားဖို့၊ ကိုင်တွယ်ဆော့ကစားတာ ထုခွဲတာတွေ၊ မီးရှို့တာတွေမလုပ်ဖို့နဲ့ နီးစပ်ရာ တပ်ကို အမြန်ဆုံးအကြောင်းကြားဖို့သတိပေးနေကြောင်း သိရပါတယ်။
MK-012
#MeKongNews








