~ လင်းမောင် ~
မစ်ဂျီဂန်တက္ကသိုလ်ရဲ့ တရုတ် ရှန်ဟိုင်းဂျာအိုထောင်တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို တရားဝင်ဖြတ်တောက်ဖို့ ၆ လ စီမံကိန်းစတင်လိုက်ခြင်းက တရုတ်နဲ့ အမေရိကန်အကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းအတွက် မျက်ခုံးပင့်စရာ ဖြစ်လာခဲ့ပါပြီ။
ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ခေါ်ယူထားတဲ့ တရုတ်ကျောင်းသား ၆ ယောက်ဟာ အမေရိကန်ရဲ့ ဝေးလံ သီခေါင်နေရာမှာ သီးခြားထားရှိတဲ့ စစ်ရေးလျှို့ဝှက် စခန်းနား မသင်္ကာဖွယ်ရာ လှုပ်ရှားမှုတွေ ရှိလာခဲ့လို့ အတွင်း ပိုင်း ပြန်လည်သုံးသပ်ခြင်းတွေ လုပ်ဆောင်ရင်း တရုတ်ကျောင်းသားတွေကို လက်မခံတော့ဖို့ မစ်ဂျီဂန်တက္ကသိုလ်က ဆုံးဖြတ်လိုက်တာပါ။ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ တရုတ်အင်စတီကျူးရှင်းတွေကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုကျယ်ပြန့်စွာ ရောင်ပြန်ဟပ်စေပြီး အမျိုးသားလုံခြုံရေးနဲ့ ဉာဏပစ္စည်းဆိုင်ရာလုံခြုံရေးပိုင်း စိုးရိမ်ရမှုတွေ တိုးလာတာ ထင်ဟပ်စေခဲ့ပါတယ်။
မစ်ဂျီဂန်တက္ကသိုလ်နဲ့ ရှန်ဟိုင်းဂျာအိုထောင် တက္ကသိုလ်တို့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုကို ၂၀၀၆ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး သုတေသနအင်စတီကျူးရှင်းကြီးနှစ်ခုရဲ့ အထင်ကရ ပူးပေါင်း ဆောင်ရွက်မှုကြီးလို့ ကြွေးကြော်ခဲ့ပါသေးတယ်။ Michigan-SJTU Joint Institute အမည်နာမအောက်မှာ ပညာရပ်ဆိုင်ရာ ဖလှယ်မှုကို အားပေးဖို့၊ အင်ဂျင်နီယာနဲ့နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းတွေ မြှင့်တင်ဖို့နဲ့ ယဉ်ကျေးမှု ဖြတ်ကျော်တံတားတည်ဆောက်ဖို့ အဓိက ဦးတည်ချက်ထားခဲ့တာဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်မှုတွေကနေ ဒီနှစ်ပိုင်းတွေအတွင်း ထောင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ ဘွဲ့နှစ်ခုရရှိခြင်း၊ ဘာသာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ဇီ၀ဆေးပညာအင်ဂျင်နီယာလုပ်ငန်းမှသည် ဉာဏ်ရည်တုတီထွင်စမ်းသစ် ခြင်းအတွက် နောက်ဆုံးပေါ် သုတေသနပြုမှုတွေကို လုပ်ဆောင်အကျိုးရှိစေခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်နဲ့တရုတ်အကြား ပထဝီဝင်နိုင်ငံရေးအခြေအနေဟာ ပြိုင်ဆိုင်မှုပိုပြင်းထန်လာစေပြီး အက်ကြောင်း ထင်တဲ့ ဆက်ဆံရေးအခြေအနေတွေဆီ ပိုမိုတိုးမြင့်ရောက်ရှိလာပါတယ်။
ဒါကြောင့်ပဲ ပညာရပ်ဆိုင်ရာ ပရိုဂရမ်တွေမှာလည်း တရုတ်ဘက်က သူလျှိုလုပ်ခြင်းနဲ့ပတ်သက်လို့ စိုးရိမ်ပူပန် လာရပြီး ထိရှလွယ်တဲ့ အမေရိကန်ရဲ့ သတင်းအချက်အလက်တွေကို ဒီပညာရေးပူးပေါင်းဆောင်ရွက်ခြင်းကနေ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခိုးယူခံရမှာကို စိုးရိမ်ရတဲ့ ရောင်စုံထင်မြင်ယူဆချက်တွေလည်း မြင့်မားလာ ရပါတော့တယ်။
မစ်ဂျီဂန်တက္ကသိုလ်ရဲ့ တရုတ်ကျောင်းသားတွေနဲ့ ပူးပေါင်းမှုကို ရပ်ဆိုင်းလိုက်ရခြင်းဟာလည်း ကျောင်းသား ၅ ယောက် အင်မတန်လျှို့ဝှက်ထိန်းချုပ်ထားတဲ့ အမေရိကန် စစ်စခန်းတစ်ခုက နည်းပညာတွေကို ခိုးယူဖို့ ကြံစည်တာကို သံသယရှိဖွယ် တွေ့ရှိရတာကြောင့်ဖြစ်ကြောင်းနဲ့ အရေးယူမှုပုံစံကို အမျိုးအစားခွဲဖို့ စီစဉ်နေတုန်းလို့ နီးစပ်သူတွေက ဆိုပါတယ်။ ဒီ သတိပေးခေါင်းလောင်းသံက တက္ကသိုလ်အကြီးအကဲတွေကိုသာမက အမေရိကန်အစိုးရအကြီးအကဲတွေရဲ့ နားထဲ၊ ဦးနှောက်ထဲအထိ မြည်ဟီးသွားပါတယ်။ ငြင်းခုံမှုတွေအဖြစ် ပညာရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ ပြည်ပ အစိုးရအဖွဲ့တွေရဲ့ အမေရိကန်နိုင်ငံအတွက် အရေးကြီးတဲ့ သုတေသနတွေ့ရှိမှုတွေခိုးယူခံရခြင်းသာမက နိုင်ငံအရေးပေါ် အချက်အလက်တွေပါ ခိုးယူခံရနိုင်ဖို့ စွန့်စားမှု ကြီးမားတဲ့ အရာဖြစ်လာကြောင်း ပြောဆိုနေကြပါပြီ။ မစ်ဂျီဂန်တက္ကသိုလ်က သူတို့ဟာ ပညာရေးဂုဏ်သိက္ခာ ကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်သလို အမျိုးသားလုံခြုံရေးကိုလည်း စွဲမြဲစွာ ကာကွယ်ပေးထားမှုအတွက် အာရုံစိုက်လုပ်ဆောင်မှာဖြစ်ကြောင်း ထုတ်ပြန်တယ်။
တရုတ်တက္ကသိုလ်နဲ့ အကျိုးတူပူးပေါင်းရေးသဘောတူညီချက်ကို ဖျက်သိမ်းခဲ့ရတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက် တော့မဟုတ်ခဲ့ပေမယ့် နိုင်ငံရဲ့ လုံခြုံရေးနဲ့ ကျင့်ဝတ်ဆိုင်ရာ အမြင့်ဆုံးစံနှုန်းတွေကို ထိန်းသိမ်းနိုင်ဖို့က အရေး ပိုကြီးခဲ့တာဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုမှာ အစိုးရတာဝန်ရှိသူတွေနဲ့ပါ ပူးပေါင်းသွားမှာဖြစ်ပြီး နိုင်ငံတကာာ ပညာတော်သင်ကျောင်းသားတွေနဲ့ သုတေသနလုပ်ငန်းစဉ်တွေအတွက် ပိုမို တင်းကျပ်စေ့စပ်တဲ့ စည်းကမ်း သတ်မှတ်ချက်တွေကိုလည်း ချမှတ်သွားရမှာဖြစ်တယ်လို့ မစ်ချီဂန်တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြသွားခဲ့တယ်။
အမေရိကန်တက္ကသိုလ်တွေဟာ ဆယ်စုနှစ်တော်တော်ကြာကတည်းက နိုင်ငံတကာက တက္ကသိုလ်နဲ့အဖွဲ့အစည်း တော်တော်များများနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ တရုတ်အဖွဲ့အစည်းတွေနဲ့ ပိုပြီး လက်တွဲ ဖြစ်ခဲ့ကြပါတယ်။ တီထွင်ဆန်းသစ်မှု၊ ကမ္ဘာ့စိန်ခေါ်မှုတွေဖြေရှင်းနိုင်ရေး၊ ယဉ်ကျေးမှုအပြန်အလှန်နားလည်နိုင်ရေးမှာ ပရိုမိုးရှင်း လုပ်ဖို့အတွက် ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ ဒါပေမဲ့ ဒီကနေ့မှာတော့ အမေရိကန်တက္ကသိုလ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်ဘက်က အမျိုးသားလုံခြုံရေးကိုပါ ထိပါးလာတဲ့ သူလျှိုလုပ်မှုတွေကို မြင်လာရပြီ ဖြစ်ပါတယ်။ အမေရိကန် ပညာရေးစနစ်ရဲ့ ပွင့်လင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု လမ်းစဉ်ဟာ ပြည်ပ က ဟန်ဆောင်ထားသူတွေရဲ့ အမြတ်ထုတ်ခြင်းကို ခံနေရပြီဆိုတဲ့ ဝေဖန်မှုတွေလည်း ညံစီလာခဲ့ပါပြီ။ မကြာ သေးခင်နှစ်တွေအတွင်း ဒီလိုအစီအစဉ်တွေကနေ ဉာဏပစ္စည်းခိုးယူခံရခြင်း၊ ခွင့်ပြုချက်မရှိတဲ့ ထိရှလွယ် သုတေသန အချက်အလက်တွေ ခိုးယူခံရခြင်း၊ စောင့်ကြည့်ခံရခြင်းတွေဟာ မြင့်တက်သထက် မြင့်တက်လာစေ ခဲ့ပါတယ်။ မစ်ချီဂန်နဲ့ ရှန်ဟိုင်းဂျာအိုထောင်းတက္ကိသိုလ်နှစ်ခု ပူးပေါင်းခြင်း ရပ်စဲလိုက်ခြင်းဟာ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတွေအပေါ် ပြန်လည် အကဲဖြတ်ဖို့ ပိုမိုကျယ်ပြန့်တဲ့ အမြင်တွေကို ဖြစ်တည်လာစေခဲ့ပါပြီ။
အစိုးရဥပဒေပြုသူတွေနဲ့ တက္ကသိုလ်စီမံခန့်ခွဲသူတွေဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကနေ ရရှိတဲ့ အကျိုးကျေးဇူးနဲ့ တစ်ဖက်က ထိရှလွယ် နိုင်ငံတော်လုံခြုံရေး၊ အကျိုးစီးပွား အချက်အလက်တွေ ပေါက်ကြား စေခြင်းဆိုတဲ့ စိန်ခေါ်မှု ၂ ခုကြားမှာ ခေါင်းစားရတဲ့ အကျပ်ရိုက်မှုတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။ အဆိုပြုထားမှု တစ်ခုမှာ နိုင်ငံခြားအဖွဲ့အစည်းတွေ ပါဝင်တဲ့သုတေသနပူးပေါင်းဆောင်ရွက်မှုတွေအတွက် ပိုမိုတင်းကျပ်တဲ့ ကြီးကြပ်မှုယန္တရားများကို အကောင်အထည်ဖော်ရမယ်လို့ ဆိုတယ်။ နိုင်ငံတကာ ကျောင်းသား တွေရဲ့ ကျောထောက်နောက်ခံကိုစစ်ဆေးထားရှိမှု၊ အရေးပါတဲ့ နေရာတွေမှာ လုံခြုံရေးပိုမိုတင်းကြပ်ထိန်းချုပ်မှု၊ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေမှာ ကျောင်းသားတွေကို နောက်ကွယ်က ပေးထားတဲ့ ရန်ပုံငွေရင်းမြစ်ဟာ ဘယ်က ရင်းမြစ်လဲ ဆိုတာ သေချာ လေ့လာမှုတွေ လုပ်ဖို့ပါ အဆိုထဲ ထည့်သွင်း ဖော်ပြထားတယ်။ တစ်ဖက်မှာလည်း နိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုအားလုံးဟာ လုံခြုံရေးအန္တရာယ်မဖြစ်စေနိုင်တဲ့ အခင်းအကျင်း ဖြစ်စေဖို့ကလည်း အရေးကြီးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ မိတ်ဖက် ပူးပေါင်းမှုအများအပြားကနေ ဆန်းသစ်တဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့ အပြန်အလှန် နားလည်မှုတွေကို မြှင့်တင်ပေးခဲ့တာတွေလည်း အများကြီး ကောင်းကျိုးပြုစေခဲ့လို့ ဖြစ်ပါတယ်။
အလုံးစုံ ထိန်းချုပ် ဖယ်ရှားလိုက်တာမျိုးဆိုရင် ဆန်းသစ်တီထွင်မှုတွေကို ဟန့်တားရာရောက်ပြီး ကမ္ဘာလုံးဆိုင်ရာတိုးတက်ရေးမှာ အမှန်တကယ်အကျိုးပြုနိုင်၊ အမှန်တကယ်ရှာဖွေတွေ့ရှိနိုင်တဲ့ အရည်အချင်းရှိ သုတေသီတွေကို ဖယ်ထုတ်သလို ဖြစ်မှာလည်း စိုးရိမ်ရပါတယ်။ ဒါကြောင့် မစ်ဂျီဂန်တက္ကသိုလ်ရဲ့ တရုတ်နဲ့ မဆက်ဆံတော့ရေး ဆုံးဖြတ်ချက်ဟာ ပညာရပ်ဆိုင်ရာလောကမှာ အမြင်တူသူနဲ့ ကွဲပြားသူတွေ နှစ်ပိုင်း ကွဲထွက် သွားပါတယ်။ ထောက်ခံသူတွေက ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေမှာ အမျိုးသားလုံခြုံရေး၊ ကျင့်ဝတ်ဆိုင်ရာ စံနှုန်းပိုင်းတွေအရ မစ်ဂျီဂန်တက္ကသိုလ်ရဲ့ တရုတ်နဲ့ ပူးပေါင်းခြင်း ရပ်ဆိုင်းလိုက်တာဟာ မျက်ကွယ်ပြုလို့မရ၊ အရေးပါတဲ့ သတင်းစကားကို လူတိုင်းဆီ ပေးလို့လိုက်တာဖြစ်တယ်လို့ ဆိုကြတယ်။ ကန့်ကွက်သူတွေကတော့ လုံခြုံရေးပူပန်မှုကြောင့်ပဲ တစ်ဖက်မှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကနေ ရရှိ တဲ့ အကျိုးကျေးဇူးတွေကို စွန့်ပစ်လိုက်ရတယ်လို့ ဝေဖန်လာကြတယ်။
ဒီပြဿနာမှာ အမေရိကန်ရဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ထိန်းညှိဖို့ အစိုးရရဲ့ ကြီးမားတဲ့ ပါဝင်မှု လိုအပ်နေပြီဆိုတဲ့ တောင်းဆိုမှုတွေလည်း ဖြစ်တည်လာစေတယ်။ အစိုးရ ဥပဒေပြုသူတချို့က တက္ကသိုလ်တွေရဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပြည်ပက ဘယ်အဖွဲ့အစည်း တွေရဲ့ ရန်ပုံငွေနဲ့ လုပ်ဆောင်သလဲဆိုတာကို ဥပဒေကြောင်းအရ ကြိုတင် တင်ပြဖို့ လိုအပ်ကြောင်း၊ ဒီတင်ပြမှု အပြီး အစိုးရဘက်က ခွင့်ပြုသင့်မသင့် ပြန်လည် စမ်းစစ်တဲ့ အချိန်ယူကာလတစ်ခု သတ်မှတ်ဆုံးဖြတ်ဖို့နဲ့ ဒီလို စစ်ဆေးမှုလုပ်နိုင်မှ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးစနစ်ကို ကာကွယ်မှု ပိုလုပ်နိုင်မယ်လို့ ဆိုတယ်။
ဒီနှစ်ပိုင်းထဲ အမေရိကန်အစိုးရဟာ ဒီပူပန်ရမှုအတွက် စတင်အုတ်မြစ်ချခြေလှမ်းပြင်နေခဲ့ပါတယ်။ အမေရိကန် တရားရေးဌာနက ၂၀၁၈ မှာ စတင်တဲ့ China Initiative စီမံကိန်းမှာ တရုတ်အဖွဲ့အစည်းတွေရဲ့ စီးပွားရေးသူလျှိုနဲ့ ကုန်သွယ်မှုလျှို့ဝှက်ခိုးယူမှုတွေကို ဖော်ထုတ်နှိမ်နင်းဖို့ ကြိုးပမ်းနေကြောင်း ထုတ်ပြန်ခဲ့တယ်။ ကနဦး စုံစမ်းမှု တွေမှာ တရုတ်ရဲ့ သူလျှိုလုပ်မှုအရင်းခံ ရည်ရွယ်ချက်တွေဟာ လူမျိုးစုနဲ့ တစ်ဦးချင်းအပေါ် ပစ်မှတ်ထားပြီး အသိဉာဏ်ပစ္စည်းဆိုင်ရာပိုင်ဆိုင်မှုကို အခြေခံ ခိုးယူလိုတာဖြစ်ပေမယ့် အမေရိကန်အမျိုးသားလုံခြုံရေးစည်း ကျိုးပေါက် ခိုးယူခံရနိုင်တာကိုလည်း အထူး သတိကြီးစွာ ကာကွယ်ပေးနိုင်ဖို့ အရေးကြီးပါကြောင်း တပ်လှန့် သတိပေးထားတယ်။
မစ်ချီဂန်တက္ကသိုလ်ရဲ့ တရုတ်နဲ့ ဇာတ်လမ်းဖြတ်လိုက်ခြင်းကိုကြည့်ရင်ပဲ နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ပိုမိုကျယ်ပြန့်တဲ့ အနေအထားမှာ ရှုမြင်သုံးသပ်လာရ ပြီဖြစ်ကြောင်း မြင်သာစေပါပြီ။ အမေရိကန်နဲ့ တရုတ်ပညာရပ်ဆိုင်ရာ ဆက်ဆံရေးပိုင်း ဒိုင်းနမစ်ဟာလည်း ပြောင်းလဲရွေ့လျားသွားတာ အတိုင်းသားမြင်ရပါတယ်။ တက္ကသိုလ်နှစ်ခု ဆက်ဆံမှုရပ်ဆိုင်းလိုက်ခြင်းက နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပေါက်ဖွားလာတဲ့ စိန်ခေါ်မှုတွေနဲ့ အန္တရာယ်တွေကို အလေးအနက် သတိပေးလိုက်တာလည်းဖြစ်တယ်။
ဒီအရွေ့ဟာ အမျိုးသားလုံခြုံရေးကာကွယ်မှု ပိုအရေးပါကြောင်း အလေးပေးဖော်ပြနေသလိုဖြစ်ပေမယ့် တစ်ဖက်မှာလည်း ကမ္ဘာ့ပညာရေးဆိုင်ရာ ဖလှယ်မှုအနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေလည်း အများအပြား တည်ရှိလာပါတယ်။
လာမယ့်နှစ်တွေမှာ နိုင်ငံတကာပညာရပ်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပုံသဏ္ဍန်ကို ဖော်ဆောင်ကြရာမှာ ပိုမို ချိတ်ဆက်မှုအာမခံရှိပြီး လုံခြုံရေးသတိကြီးလွန်းတဲ့အနေအထားတွေက အဓိက ကျလာတော့မှာဖြစ်နေပါကြောင်း။
#MeKongNews








