အမြန်ဆုံးပြန်ဖွင့်မယ်ဆိုတဲ့ လွိုင်ကော်တက္ကသိုလ် ဟန်ပြသာဖြစ်နိုင်
မဲခေါင်၊ ဇန်နဝါရီ ၂၄
စစ်ကောင်စီက အမြန်ဆုံးပြန်ဖွင့်မယ်ဆိုတဲ့ လွိုင်ကော် တက္ကသိုလ် ဟန်ပြသာဖြစ်နိုင်ချေရှိတယ်လို့ ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ(IEC) အထွေထွေအတွင်းရေးမှူး ဦးဗညားက သုံးသပ်ပါတယ်။
လွိုင်ကော်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လုံခြုံမှုမရှိတာ၊ စစ်ရှောင်နေကြတဲ့ ဒေသခံပြည်သူတွေ မြို့ထဲကို ပြန်လည်ဝင်ရောက်နေထိုင်တာမျိုး နည်းပါးသေးတာ၊ သင်ကြားရေးပိုင်းဝန်ထမ်းတွေ CDMပြုလုပ်နေတာ၊ လုံခြုံရေးအရ ပြည်မဘက်က သင်ကြားရေးဝန်ထမ်းတွေ လာရောက်ဖို့ အဆင်မပြေနိုင်တာတွေကြောင့် စစ်ကောင်စီက တက္ကသိုလ်ပြန်ဖွင့်မယ်ဆိုတာဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ IEC အထွေထွေအတွင်းရေးမှုးက ပြောပါတယ်။
သူက “ တကယ်လက်တွေ့ အနှစ်သာရရှိတဲ့ ကျောင်းပြန်ဖွင့်နိုင်ဖို့တော့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဟန်ပြတော့ ဖြစ်နိုင်ချေရှိပါတယ်” လို့ ပြောပါတယ်။
ကျောင်းသားတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းမရပ်တန့်စေဖို့အတွက် လွိုင်ကော်မြို့က တက္ကသိုလ် အမြန်ဆုံး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က ဇန်နဝါရီ ၂၁ ရက်က ပြောတာပါ။
လက်ရှိမှာ စစ်ကောင်စီက လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး မြို့တွင်းပြည်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေတဲ့အပြင် ကော်မတီဖွဲ့စည်းပြီး ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းမှာ လွိုင်ကော်မြို့ တက္ကသိုလ်တွေ ပြန်ဖွင့်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
တစ်လေးလုံးစစ်ဆင်ရေးကာလမှာ လွိုင်ကော်တက္ကသိုလ်မှာ ပိတ်မိနေတဲ့ Nom CDM သင်ကြားရေးဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၂၀၄ ဦးကို တော်လှန်ရေးတပ်ပေါင်းစုတွေက ကယ်ထုတ်ပေးခဲ့ပြီး IEC က နယ်နှင်ဒဏ်ပေး အရေးယူခဲ့ပါတယ်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် တစ်လေးလုံး စစ်ဆင်ရေးမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေက လွိုင်ကော်မြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းအများအပြားကို ဖမ်းဆီးရရှိခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်ပြီး လွိုင်ကော်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြို့ရဲ့ အနီးဝန်းကျင်မှာ မကြခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီကလည်း မြို့ဝန်းကျင်ကို လေကြောင်းအသုံးပြုပြီး ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေဖြစ်ပါတယ်။
ဇန်နဝါရီ ၁၅ ရက်မှာ စစ်ကောင်စီက ကယားပြန်နယ်နေ့ကို အကျဉ်းချုံးပြုလုပ်ခဲ့ပြီး အဆိုပါပွဲကို တက်ရောက်တဲ့ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
MK-017
#MeKongNews








