စစ်အသုံးအဆောင်တွေလိုအပ်နေသေးတဲ့ IPDF က အင်းလေးကန်တောင်ဘက်ဒေသတွေကို အခိုင်အမာစိုးမိုးနိုင်ရေး စစ်ရေးအရကြိုးပမ်းမယ်
မဲခေါင်၊ ဇန်နဝါရီ ၂၁
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀၀၉ IPDF အနေနဲ့ စစ်အသုံးအဆောင်တွေ လိုအပ်နေပေမယ့် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်းလေးကန်တောင်ဘက်ဒေသတွေကို အခုနှစ်အတွင်း အခိုင်အမာစိုးမိုးနိုင်ဖို့ စစ်ရေးအရ ကြိုးပမ်းသွားမယ်လို့ အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။
IPDF အနေနဲ့ ညောင်ရွှေမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေပြီး ပင်လောင်းမြို့နယ်အင်းအရှေ့ခြမ်း၊ နမ့်တုတ်ဒေသ၊ ဆီဆိုင်မြို့နယ်အစပ်၊ လွယ်လုံစန့်စွဲစန့်လိတ်ဒေသနဲ့ ဘုရားတောင်ရေပူဒေသတွေကို ထိမ်းချုပ်ထားပြီးဖြစ်တယ်လို့ အဲ့ဒိအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းသာပြည့်က မဲခေါင်ကိုပြောပါတယ်။
“ စစ်ကောင်စီကို အဓိကရန်သူ အဖြစ်သတ်မှတ်ထားပေမယ့် စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ ပအိုဝ်းပြည်သူ့စစ်နဲ့ အင်းလေးပျူစောထီး တွေကိုလည်းတိုက်ခိုက်နေရတယ်”လို့ သူကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်တွေက ထီရီးကျေးရွာမှာ ဗျူဟာထိုင်ပြီး စံကား၊ နမ့်ပွန်၊ ရန်ကင်းကုန်းသာ၊ မှော်ဘီတံတားမှာ ဖြန့်ခွဲနေထိုင်ကြပြီး အင်းလေးတောင်ခြမ်းကို ပိတ်ဆို့ကာ စက်သုံးဆီ၊ ဆေးဝါး၊ စာနပ်ရိက္ခာတွေပါ ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့ IPDF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံလက်နက်ကိုင်အဖွဲ့တွေ အင်းလေးဒေသတွင်းဝင်ရောက်နေတာကြောင့် ဒေသခံ လူငယ် လူရွယ်တွေ IPDF တပ်ဖွဲ့ထံဝင်ရောက်ကြပါတယ်။
IPDF ထဲကို ဝင်ရောက်လာတဲ့ တပ်ဖွဲ့ဝင်အသစ်တွေအတွက် လက်နက်ခဲယမ်း၊ ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုတ်၊ စစ်ယူနီ ဖောင်း၊ ဖိနပ်နဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်တွေရှိနေသလို ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး၊ ဒရုန်းဖြင့်ဗုံးကြဲချတာတွေကြောင့် အရေးပေါ် အချက်ပေးစနစ်တွေ၊ ဆက်သွယ်ရေးစက်တွေ၊ ကျေးရွာအလိုက် ခိုင်မာတဲ့ ဗုံးခိုကျင်းတွေ တည်ဆောက်ပေးဖို့လည်း လိုအပ်နေသေးတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀၀၉ IPDF က သိရပါတယ်။
IPDFဟာ အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) အလယ်ပိုင်းတိုင်းရဲ့ လက်အောက်ခံတပ်ရင်းဖြစ်ပြီး NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဖယ်ခုံနဲ့ မိုးဗြဲတပ်ရင်းတွေအားလုံးက လွိုင်ကော်တပ်ဖွဲ့တွေ ၊ ရှမ်းတောင်ဒေသ တပ်ရင်းတွေဖြစ်တဲ့ ၁၀၀၅ ၊ ၁၀၀၈ ၊ ၁၀၀၁၁ တပ်ရင်းတွေနဲ့လက်တွဲကာ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ ဒေသတွေမှာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။
IPDF ရဲ့ ပထမဆုံးစစ်ရေးအတွေအကြုံအနေနဲ့ ၂၀၂၂ ခုနှစ်မှာ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ဆီဆိုင်မြို့နယ်၊ နောင်ထောင်ရှိ စစ်တပ်စခန်းကို စတင်တိုက်ခိုက်ကာ အင်းလေးဒေသတွင်းကို ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ IPDF ပြောရေးဆိုခွင့်ရှိသူ စိုင်းသာပြည့်ကပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် အင်းလေး သန်းထောင်တိုက်ပွဲအတွင်း တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်သုံးဦးနဲ့ မဟာမိတ်တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ပြီး IPDF တပ်ဖွဲ့ဝင် နှစ်ဦး စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာဖြစ်ပွားခဲ့တဲ့ တောင်စလုံး မြောက်စလုံး ၊နမ့်နိမ့်၊ ခေါင်းအိစက်တော်၊ လုံးပြင်၊ လဟွဲ ၊လအိ၊ လဒူး တိုက်ပွဲတွေအပြင် ၁၁၁၁ စစ်ဆင်ရေးမှာ ၄၂၂ ဆောင်ကန်း၊ စက်တော် ၊ဆောင်နန်းခဲ၊ ဆီဆိုင်မြို့၊လွိုင်ကော်မြို့၊ ရေပူ၊ညောင်လေး၊ ပင်တိုက်ပွဲစံကား၊ ဆည်ခေါင်းတိုက်ပွဲတွေမှာ IPDF တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ပြီး ၁၁ ဦးဒဏ် ရာရရှိကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ IPDF ထိန်းချုပ်ထားတဲ့ အင်းလေးဒေသအတွင်း အင်းလေးအမျိုးသမီးသမဂ္ဂ ( IWU ) ၊ အင်းလေးဖယ် ဒရယ် ဒီမိုကရေစီလှုပ်ရှားမှု ( IFDM )၊ ညောင်ရွှေပညာရေးဘုတ်အဖွဲ့ အင်းလေးမယ်ဒီကယ်တင်း( Inle Medical Team ) တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
အဲလိုဆောင်ရွက်မှုမှာ ညောင်ရွှေပညာရေးဘုတ်အဖွဲ့ က စာသင်ကျောင်း နှစ် ကျောင်းဖွင့်လှစ်ပြီး မူလတန်းပညာ စတင်သင် ကြားပေးနေသလို ကလေးတွေစာသင်ကြားနိုင်ရေး၊ အဆောက်အဦး၊ ဗုံးခိုကျင်းနဲ့ သင်ထောက်ကူပစ္စည်းများလိုအပ်နေပြီး အင်းလေးမယ်ဒီကယ်တင်း (Inle Medical Team) မှ ကျေးရွာတရွာတွင် အထိုင်ချကာ ပါတ်ဝန်းကျင်ကျေးရွာများကို ကျန်းမာရေးစောင့်ရှောင့်မှုပြုလုပ်နေတာကြောင့် ဆေးဝါးတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
CJ-017
#MeKongNews









