ညောင်ရွှေမြို့နယ်မှာ လေကြောင်းနဲ့ စစ်လက်ကျန်ပစ္စည်းတွေအကြောင်း ဒေသခံတွေကို IWU က အသိပညာဖြန့်ဝေ
မဲခေါင်၊ ဇန်နဝါရီ ၂၀
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲက ကျေးရွာ ငါးရွာမှာ လေကြောင်းအန္တရာယ် အသိပညာပေးတာတွေ၊ မိုင်းနဲ့ စစ်လက်နက်တွေအကြောင်းကို ပညာပေးပို့ချမှုတွေကို အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ IWU က ဇန်နဝါရီလ ၁၈ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
” အခုကာလက တိုက်ပွဲကာလဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လက်နက်ကြီးနဲ့မိုင်း အန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့ ဖြစ်တယ်ပေါ့နော်”လို့ IWU ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကနေ အမြဲတမ်းကာကွယ်မပေးနိုင်တဲ့အတွက် အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ပြည်သူတွေအနေနဲ့ အသိပညာရှိရှိ ကာကွယ်နိုင်ဖို့၊ ရှောင်ရှားနိုင်ဖို့အတွက် ပြုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၁၇ ရက်က ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာက စစ်ရှောင်စခန်းတခုကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူ သုံးဦးသေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
လက်နက်ကြီးထိမှန် ဒဏ်ရာရရှိသူတွေကို IWU က ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကိုလည်း ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်ကလည်း ညောင်ရွှေမြို့နယ်ထဲက ပြည်သူတွေကို အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့က တာဝန်ယူပြီး ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးတာတွေရှိခဲ့ပါတယ်။
CJ-004
#MeKongNews








