မဲခေါင်၊ ဇန်နဝါရီ ၁၈
တရုတ်နိုင်ငံသားတွေ ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားမှုတွေ ဆက်တိုက် ပေါ်ထွက်လာပြီးနောက် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်က နိုင်ငံရဲ့ ပြည်ပခရီးသွားလုပ်ငန်းမှာ အဓိကအကျဆုံး လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသားတွေအတွက် လုံခြုံရေးအာမခံကြောင်း ဇန်နဝါရီ ၁၇ ရက်က ပြောပါတယ်။
ဇန်နဝါရီနှောင်းပိုင်းမှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးအတွက် ထိုင်းနိုင်ငံကို တရုတ်ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်ဖို့ ရှိနေပေမယ့် တရုတ်နိုင်ငံသား လူငယ်၊ လူရွယ်တွေ ပျောက်ဆုံးနေမှုကြောင့် ထိုင်းခရီးစဉ်များစွာကို ပယ်ဖျက်မှုတွေ ရှိလာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်က ထိုင်းကို ပြည်ပခရီးသွား ၃၅ . ၅ သန်း လာရောက်ခဲ့ရာမှာ တရုတ်လူမျိုးက အများဆုံးအဖြစ် ၆ . ၇ သန်း လာရောက်ခဲ့ပါတယ်။
တရုတ်နိုင်ငံသားများစွာ မြ၀တီ ကျားဖြန်လုပ်ငန်းတွေမှာ ပိတ်မိနေဆဲဖြစ်လို့ တရုတ်နဲ့ ဟောင်ကောင်အာဏာပိုင်တွေဟာ တရုတ်နှစ်သစ်ကူး ကာလမှာ ထိုင်းကိုသွားရင် အန္တရာယ်ရှိကြောင်း သတိပေးချက်ထုတ်ပြန်ထားကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံနိုင်ငံတွေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ချက်ချင်း နှိမ်နင်းဖို့ ဖိအားပေးနေပါတယ်။
ဒါကြောင့် တရုတ်ခရီးသွားလုပ်ငန်းကနေ နိုင်ငံဝင်ငွေအဓိကရနေတဲ့ ထိုင်းနိုင်ငံအတွက် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်က ခရီးသွားလုပ်ငန်းဟာ နိုင်ငံဝင်ငွေရဲ့ အဓိက အသက်သွေးကြောဖြစ်ကြောင်း၊ ဒါကြောင့် ကျားဖြန်လူမှောင်ခိုလုပ်ငန်းခြိမ်းခြောက်မှုက ခရီးသွားလုပ်ငန်းကို ဆိုးကျိုးသက်ရောက်မှာ မလိုချင်လို့ လုံခြုံရေးအေဂျင်စီတွေကို နိုင်ငံခြားခရီးသွားတွေ လုံခြုံရေးအတွက် အထူးအာမခံပေးနိုင်အောင် ကာကွယ် စောင့်ရှောက်ပေးဖို့ မှာကြားထားကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။
Ref: straitstimes
MKF-001
#MeKongNews
#တရုတ်
#ထိုင်း
#ဝန်ကြီးချုပ်
#ပေထောင်တန်
#အာမခံ
#ခရီးသွား
#ကျားဖြန့်
#ပျောက်ဆုံး








