တရုတ်နိုင်ငံမှာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရသူ အမျိုးသားတစ်ဦး ပြန်လည်ရောက်ရှိလာ
မဲခေါင်၊ ဇန်နဝါရီ ၁၀
တရုတ်နိုင်ငံမှာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အမျိုးသားတစ်ဦး ဇန်နဝါရီ ၃ ရက်က နေရပ်ကို ပြန်လည် ရောက်ရှိလာတယ်လို့ ဝ လူငယ်အသံ WNL က ဒီနေ့(ဇန်နဝါရီ၁၀) မှာ မျှဝေလာပါတယ်။
ပြန်လည်ရောက်ရှိလာသူဟာ ပန်ဝိုင်မြို့(ဆောဖာ)၊ ယောင်းမော်ကျေးရွာက အသက်၃၂ နှစ်အရွယ်ရှိ ဦးအိုက်နပ်ဆိုသူဖြစ်ပြီး ရန်ကုန်လေဆိပ်က တစ်ဆင့် နေရပ်ကို ဇန်နဝါရီ ၃ ရက်က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဦးအိုက်နပ်ကို အလုပ်သမားခေါင်းဆောင်က လုပ်ခလစာ ခေါင်းပုံဖြတ်ပြီး ညှင်းပန်းနှိပ်စက်ခံခဲ့ရတာလို့ သိရပါတယ်။
ဝ လူငယ်အသံမှတ်တမ်းအရ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်ကလည်း လွန်ခဲ့တဲ့အနှစ် ၂၀ကျော်၊ အသက် ၁၃နှစ်အရွယ်ကတည်းက လူကုန်ကူးခံခဲ့ရတဲ့ မိုင်းမောခရိုင်၊ လုံထန်မြို့နယ် ထန်စီးလုံရွာက မအီဟောမ်ဟာ တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနဲ့ အန်းဟွေဘက်တွေမှာနေထိုင်ခဲ့ရပြီး ကလေးနှစ်ယောက်ရပြီးကာမှ ရဲဖမ်းမိလို့ မြန်မာကို ပြန်ပို့ခံရတာရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ မိုင်းမောခရိုင်၊ ရင်ဖန် (နားဖန်း) မြို့နယ်မှာနေထိုင်တဲ့ မောင်အိုက်သန်းကို အလုပ်သမားခေါင်းဆောင်က တရုတ်နိုင်ငံ ယူနန်ပြည် (China, Yunnan)က တစ်ဆင့် ကွမ်းတုံကို ရောင်းစားခဲ့ပြီးနောက် တရုတ်ရဲတပ်ဖွဲ့က ဖမ်းမိပြီး ပြန်ပို့ခံခဲ့ရတာ ရှိခဲ့ပါသေးတယ်။
တရုတ်ပြည်ဘက်ကို ပုံစံအမျိုးမျိုးနဲ့ ရောင်းစားခံခဲ့ရပြီး နှစ်၊ လကြာရှည်တဲ့ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်ကာ သက်ဆိုင်ရာ”ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ နိုင်ငံရေးဌာန၊ လားရှိုးအခြေစိုက် “ဝ” ပြင်ပ ဆက်ဆံရေးရုံးဌာန၊ ရန်ကုန်”ဝ” စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ တွေရဲ့ ကူညီမှုနဲ့ နေရပ်ကို ပြန်လည် ရောက်ရှိလာခဲ့တာလို့ ပြောပါတယ်။
“ဝ” ပြည်နယ်ထဲ နေထိုင်ပြီး တရုတ်ပြည်ကို ရောင်းစားခံရတဲ့ “ဝ” လူငယ်တွေ ၁၀ ဦးထက်မနည်း စာရင်းရှိနေပြီး သူတို့လည်း နေရပ်ကို ပြန်လည်ရောက်ရှိနိုင်ဖို့ အဘက်ဘက်ကနေ လိုအပ်တဲ့ ကူညီဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
MK-012
#MeKongNews








