မဲခေါင်၊ ဇန်နဝါရီ ၈
တအောင်းလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အမည်ကို အသုံးပြုပြီး ပြည်သူတွေအပေါ် အကြမ်းဖက်ငွေညှစ်တာတွေ ပြုလုပ်နေတဲ့ လူငယ်အဖွဲ့ကို ဖမ်းဆီးပြီး ဥပဒေအတိုင်းဆောင်ရွက်နိုင်ဖို့ TNLA ထံ သွားရောက်အပ်နှံတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NSSAA) တပ်ဖွဲ့ဝင် လေးဦး ကို TNLA က ပြန်လည်ဖမ်းဆီးထားပါတယ်။
တပ်ဖွဲ့ဝင် လေးဦးနဲ့ အဆက်အသွယ်ပြတ်တောက်နေတာဟာ ဒီကနေ့ (ဇန်နဝါရီ ၈)ဆိုရင် ၈ ရက်ခန့် ရှိနေပြီဖြစ်ရာ လက်ရှိအချိန်ထိ TNLA က ဘယ်လိုပြစ်မှုနဲ့ စွဲချက်တင်ဖမ်းဆီးထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးသလို NSSAA တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ခွင့်မရရှိသေးပါဘူး။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က တော်လှန်ရေးအင်အားစု နာမည်သုံးပြီး မိုးကုတ်မြို့ပြည်သူတွေကို အကြပ်ကိုင်ခြိမ်းခြောက် လိမ်လည်ငွေညှစ်နေသူ ကိုးဦး ကို NSSAA က ဖမ်းဆီးပြီး ဒီဇင်ဘာ ၂၇ ရက်မှာ TNLA ရဲ့ တရားဥပဒေစိုးမိုးရေးလက်ဝယ် လွှဲပြောင်းပေးအပ်ရာမှာ သူတို့လေးဦးကို ဒီဇင်ဘာ ၃၁ ရက်မှာ TNLA က ပြန်လည်ဖမ်းဆီးထားတာ ဖြစ်တယ်လို့ NSSAA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အဆက်အသွယ်မရသေးသလို တွေ့ခွင့်လည်း မရသေးဘူးဗျ၊ လက်တလောတော့ ကျွန်တော်တို့တပ်ရင်းက တာဝန်ခံလိုက်ပြီး လုံးပန်းပေးနေတယ်ဗျ” လို့ NSSAA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တော်လှန်ရေးတပ်ပေါင်းစု ဟု ဆိုကာ မိုးကုတ်မြို့အတွင်းမှာ ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေသူတွေထဲမှာ NSSAA တပ်ဖွဲ့လည်း ပါဝင်ကြောင်း သတင်းထွက်ပေါ်နေတာကြောင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအပြီး Out Service လုပ်ထားတဲ့ ရဲဘော်တွေကို မသင်္ကာလို့ မေးမြန်းရာကနေ တခြားနောက်ဆက်တွဲပါဝင်သူတွေကိုပါ ဖမ်းဆီးမိခဲ့တာပါ။
ဖမ်းဆီးရမိသူ ကိုးဦး ဟာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူငယ်တွေဖြစ်ပြီး အဲဒီထဲမှာ NSSAA တပ်ဖွဲ့ဝင်ဟောင်း သုံးဦး၊ TNLA တပ်သားလို့ ယူဆနိုင်ခြေရှိသူ သုံးဦး ပါဝင်တယ်လို့ သိရပါတယ်။
“ကိစ္စက နည်းနည်းရှုပ်ထွေးတယ်ဗျ၊ မမိသေးတဲ့သူလည်း ရှိသေးတယ်” လို့ NSSAA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်-PSLF/TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး NSSAA ဟာ မိုးကုတ်မြို့အရှေ့ပိုင်းကို သိမ်းပိုက်ချိန်မှာ ပါဝင်ခဲတဲ့ ပူးပေါင်းတပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။
CJ-017
#MeKongNews
#PSLF/TNLA
#NSSAA
#ငွေလိမ်လည်သူ
#ကိုးဦး








