ဆီဆိုင်မြို့နယ် ထီစုံရွာနေအိမ်တွေကို ဒရုန်းနဲ့ စစ်ကောင်စီ ဗုံးကြဲ
မဲခေါင်၊ ဇန်နဝါရီ ၈
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာက နေအိမ်တွေကို ဇန်နဝါရီ ၆ ရက်မှာ စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ နေအိမ်တွေပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ပါတယ်။
ဒရုန်းနဲ့နှစ်ကြိမ် တိုက်ခိုက်မှုမှာ လူထိခိုက်တာမရှိဘဲ နေအိမ်တွေ မီးလောင်ခဲ့ရပြီး PNLA က ငြိမ်းသတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
“မနေ့က ဖြစ်စဉ်မှာတော့ ပြည်သူလူထုကို ထိခိုက်တာမျိုးတော့ မရှိပါဘူး၊ စစ်ကောင်စီက ဗုံးကြဲပြီး အိမ်ကို မီးလောင်သွားတာပေါ့နော်၊ ကျနော်တို့လည်း သတင်းရပြီးနောက်ပိုင်း တခြားနေအိမ်တွေကို မီးထပ်ပြီးတော့မှ ကူးစက်တာမျိုးမဖြစ်အောင် ကျွန်တော်တို့ တပ်ဖွဲ့ကပဲ စွန့်စားပြီးတော့မှ သွားပြီးတော့ မီးငြိမ်းသက်တာပေါ့လေ” လို့ PNLA ပြောရေးဆိုခွင့်ရှိသူက မဲခေါင်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ထီစုံကျေးရွာထဲသို့ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေတဲ့အတွက် နေအိမ် (၂၄) လုံး ပျက်စီးမှုရှိခဲ့တဲ့အပြင် ဒေသခံတွေ ရွာထဲ နေထိုင်ရန် စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၃၁ ရက်၊ မနက် ၁၁ နာရီခန့်ကလည်း ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ရွာမှာရှိတဲ့ PNLA ဌာနချုပ်ကို စစ်ကောင်စီက ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့လို့ ဆေးခန်းတစ်ခု ပျက်စီးခဲ့ပါသေးတယ်။
MK-017
#MeKongNews








