မဲခေါင်၊ ဇန်နဝါရီ ၆
တရုတ်ပြည်တွင်းရုပ်သံ ဒရာမာစီးရီးတွေမှာ နာမည်ရနေတဲ့ လူငယ်သရုပ်ဆောင် ဇင်ဇင်းဟာ ရှန်ဟိုင်းကနေ ထိုင်းနိုင်ငံကို ရိုက်ကူးရေးစီမံကိန်းတစ်ခုနဲ့ ရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ်ဘက်ကို သွားရင်း ပြီးခဲ့တဲ့ တစ်ပတ်က ပျောက်ဆုံးသွားခဲ့ရကြောင်း သိရှိရပါတယ်။
အမည်ရင်း ဝမ်ဇင်းလို့ခေါ်တဲ့ ဇင်ဇင်းဟာ We Chat ကနေ ဆက်သွယ်လာတဲ့ Gmm Grammy က ညှိနှိုင်းရေးမှူး ယန်ရှီလျူ ဆိုသူထံကနေ ထိုင်းနိုင်ငံမှာ အုပ်စုလိုက် ရိုက်ကူးရေးအစီအစဉ်လုပ်ရာမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတဲ့အတွက် ဇန်နဝါရီ ၂ ရက်နေ့က ရှန်ဟိုင်းလေဆိပ်ကနေ ထွက်ခွာပြီး နောက်တစ်ရက်မနက်အစောပိုင်းမှာ ဘန်ကောက်ကို ရောက်ရှိခဲ့ပါတယ်။
ညှိနှိုင်းရေးမှူးရဲ့ စီစဉ်ပေးမှုကနေ ကားတစ်စီးနဲ့ ဘန်ကောက်ကနေ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ခွာသွားရောက်နေတဲ့အထိ အဆက်အသွယ်ရခဲ့ပေမယ့် ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်း ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိပြီးနောက် အဆက်အသွယ်လုပ်မရတော့တာ နာရီ ၆၀ ရှိခဲ့ပါပြီ။
ဒါကြောင့် ဇင်ဇင်းရဲ့ ချစ်သူ မိန်းကလေးက ဘန်ကောက်နဲ့ ချင်းမိုင်က တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးတွေထံ တိုင်ကြားခဲ့ပြီး ဇန်နဝါရီ ၆ ရက်က ပျောက်ဆုံးသွားတဲ့ ထိုင်း-မြန်မာနယ်စပ်က ထိုင်းဘက်ခြမ်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။
တခြားသော တရုတ်သရုပ်ဆောင် ဒန်းယူ ဆိုသူက သူလည်း ယန်ရှီလျူ ဆိုပြီး မိတ်ဆက်တဲ့ ရိုက်ကူးရေးပိုင်း ညှိနှိုင်းရေးမှူးဆိုသူရဲ့ ဆက်သွယ်ကမ်းလှမ်းမှု ခံခဲ့ရဖူးပြီး တခြားသော အနုပညာလောကသားတွေကြားမှာလည်း ဒီနာမည်နဲ့ လိုက်လိမ်နေခဲ့တာကို သိခဲ့ပြီးဖြစ်လို့ မယုံဘဲ ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ထိုင်း -မြန်မာနယ်စပ်တစ်လျှောက် တရုတ်ဒုစရိုက်ဂိုဏ်းတွေရဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပြည့်နှက်နေပြီး ကမ္ဘာချီ လိမ်လည်မှုတွေလုပ်နေရာမှာ ဒီပုံစံအတိုင်း မြန်မာနယ်စပ်အရောက် ပျောက်ဆုံးသွားခဲ့သူတွေဟာ နိစ္စဓူ၀လို ဖြစ်တည်နေခဲ့ပါတယ်။
Ref: shine.cn
MKF-001
#MeKongNews
#တရုတ်သရုပ်ဆောင်
#ဇင်ဇင်း
#ထိုင်းမြန်မာနယ်စပ်
#ပျောက်ဆုံး
#ဒုစရိုက်ဂိုဏ်း








