သိန္နီမြို့ကို ခုနှစ်ကြိမ်မြောက် စစ်ကာင်စီဗုံးကြဲ
မဲခေါင်၊ ဇန်နဝါရီ ၂
တစ်လအတွင်း ခြောက်ကြိမ်မြောက် ဗုံးကြဲခံထားရတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့ကို ၂၀၂၅ခုနှစ်ရဲ့ နှစ်ဦးဖြစ်တဲ့ ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီ ၁၈ မိနစ်ခန့်မှာ စစ်ကောင်စီက ခုနှစ်ကြိမ်မြောက်အဖြစ် ဗုံး တစ်လုံးကြဲခဲ့ပါတယ်။
“ မြို့ထဲကျတာ၊ ထားထားဦး ဟိုတယ်နားကျတာ၊ ဒီမနက်တော့ အထိအခိုက်မရှိဘူး” လို့ သိန္နီမြို့ ဟိုတုံရပ်ကွက်နေသူ ပါနန်းရွှေက မဲခေါင်ကို ပြောပါတယ်။
သိန္နီမြို့မှာ ရပ်ကွက် ၄ ကွက်ရှိပြီး အခုဗုံးကြဲချခံရတဲ့ နေရာမှာ သိန္နီမြို့၊ ရပ်ကွက်၁၊ နယ်မြေ၁ ဖြစ်တယ်လို့ သိရပါတယ်။
အခု ဗုံးကြဲတာက တရုတ်နိုင်ငံမှာ ၂၀၂၄၊ ဒီဇင်ဘာမှာပြုလုပ်ခဲ့တဲ့ MNDAAနဲ့ စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ မပြေလည်မှုကို ထင်ဟပ်နေစေသလို ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာနိုင်ချေရှိနေတယ်လို့ နိုင်ငံရေးလေ့လာနေသူ တစ်ဦးက သုံးသပ်ပါတယ်။
သိန္နီမြို့အပါအဝင် လားရှိုးအထိ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA အနေနဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးရေး အသင့်ရှိကြောင်းနဲ့ ဒီနေ့ကစပြီး မိမိတပ်အနေနဲ့ အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာထုတ်ပြန်ကြေညာခဲ့သလို စစ်ကောင်စီအနေနဲ့ မြေပြင်ဝေဟင်ထိုးစစ်ဆင်တိုက်ခိုက်နေတာကိုရပ်ဆိုင်းပေးဖို့ အဲ့ဒီထုတ်ပြန်ချက်မှာတောင်းဆိုထားပေမယ့် စစ်ကောင်စီက ဗုံးထပ်ကြဲခဲ့ပါတယ်။
အဲ့သလိုထုတ်ပြန်ကြေညာခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးအတွက် TNLA, MNDAA နဲ့ စစ်ကောင်စီတို့ရဲ့ အထူးကိုယ်စားလှယ်တွေ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ခဲ့ပါသေးတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီက လေကြောင်းကနေ ခြောက်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဇူလိုင် ၂၈ ရက်မှာ ခြောက်ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်စဉ်က သိန္နီမြို့အထွက် ကွမ်းလုံလမ်းဆုံနေရာက မြေးအဖွားနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာခဲ့ပါတယ်။
ရဲစခန်းနဲ့ မလှမ်းမကမ်းကို ပထမအကြိမ်၊ အထကကျောင်းနဲ့ ပညာရေးမှူးရုံးကိုဒုတိယအကြိမ်၊ ကွမ်းလုံလမ်းဆုံကို တတိယအကြိမ်၊ မြို့မဈေးကို စတုတ္ထအကြိမ်၊ သိန္နီ ဟိုတယ်ကို ပဥ္စမအကြိမ်၊ ကွမ်းလုံလမ်းဆုံကို ဆဌမကြိမ်အဖြစ် တစ်လအတွင်း ခြောက်ကြိမ် ကြဲခဲ့ ရာမှာ မြို့မဈေးကိုကြဲတဲ့အကြိမ်က အရပ်သား ၁၀ ဦးသေဆုံးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း လေးလအတွင်း ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှာ သိန္နီမြို့ကို MNDAA က အပြီးသပ် သိမ်းပိုက်ထားတာဖြစ်ပါတယ်။ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာချိန်မှာတော့ စစ်ကောင်စီတပ်က သိန္နီနဲ့ လောက်ကိုက်မြို့တွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာခုထိပါပဲ။
#MekongNews
ပုံ-စစ်ကောင်စီကြဲချတဲ့ဗုံးကြောင့် စာသင်ကျောင်းပျက်စီးတဲ့ ပုံဟောင်း








