ညောင်ရွှေမြို့နယ်၊ လုံကန်အုပ်စုမှာ PNA က ငါးရှာလှေနဲ့ ကုန်သယ်ဆောင်လှေတွေကို သေနတ်ပစ်တားဆီးကာ ငွေတောင်းနေ
မဲခေါင်၊ ဒီဇင်ဘာ၃၀
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ လုံကန်အုပ်စုမှာ စစ်ကောင်စီသစ္စာခံ ပြည်သူ့စစ် PNA /PNO စစ်ကြောင်းမှူးက ငါးရှာလှေတွေကို ပစ်ခတ်နေပြီး ပြောင်းနဲ့ ဘိလပ်မြေ တင်ဆောင်လာတဲ့စက်လှေတွေကို ဖမ်းဆီးကာ ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့ တော်လှန်ရေးအကူ တပ်ဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။
ဒီနေ့ (ဒီဇင်ဘာ၃၀) မနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ နန်းဆင့်ရွာဘက်က လာတဲ့ငါးရှာလှေကို PNA က သေနတ် သုံးချက်ပစ်ဖောက်ခဲ့တယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်ကလည်း PNA ပအိုဝ်း ပြည်သူ့စစ် စစ်ကြောင်းမှူးက လုံကန်စျေးမှာ ပြောင်းတင်၊ ပြောင်းချ သွားလာနေတဲ့ စက်လှေတွေကို ဖမ်းဆီးကာ ငွေနဲ့ပြန်ရွေးခိုင်းပြီး နန်းဆင့်ရွာဖက်က ထွက်လာတဲ့ ငါးရှာ စက်လှေကိုလည်း လက်နက်ကြီးနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
“အဲဒီ စစ်ကြောင်းမှူး ဆိုသူက စက်လှေဂိတ်ပိတ်ထားတာကို ပိုက်ဆံယူပြီး ဖွင့်ပေးတဲ့ငယ်သားတွေကိုလည်း ဆဲပီးရိုက်နှက်သွားသေးတယ်” လို့ပြောပါတယ်။
အလားတူ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တပ်ရင်း(၇)တပ်ရင်းမှူး ဗိုလ်ယက္ခဦးဆောင်တဲ့အဖွဲ့က လုံကန်ကျေးရွာအုပ်စုမှာ ကားရှိတဲ့အိမ်တွေကို ကားသေးဆိုရင် ကျပ်ငါးသောင်း၊ ကားကြီးဆိုရင် ကျပ်တစ်သိန်းပေးရမယ်ဆိုကာ လွန်ခဲ့တဲ့ သြဂုတ်လ ကတည်းကပြေစာနဲ့ ကောက်ခံနေတယ်လို့ ဆိုပါတယ်။
“ မပေးရင် ချောဆွဲမယ် ကားသိမ်းမယ်လို့ပြောတယ်၊ နောက်ပြီး ဂိတ်တောင်ဘက် ဂျာမနီလမ်း တီးလုံရွာဘက်မှာ သွားပေးနေရတယ် ” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
PNA ပြည်သူ့စစ်အဖွဲ့ဟာ လုံကန်ကျေးရွာစျေးမှာ ငါးလာရောင်းသူတွေဆီက အဓမ္မငွေတောင်းတာ၊ လုံကန်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ သေနက်ပစ်ခတ် ခြိမ်းခြောက် ငွေတောင်းခံတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
လုံကန်က စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် စစ်ဆေးရေးဂိတ်ဟာ အင်းလေးကန် အရှေ့ဘက်ကမ်း ၊ ပင်လောင်းနဲ့ ညောင်ရွှေသွားတဲ့ လမ်းပေါ်မှာရှိပြီး ပင်လောင်းမြို့နဲ့ ၂၅ မိုင်ကျော် ကွာဝေးကြောင်းသိရပါတယ်။
MK-012
#MekongNews








