မိုင်းတုံမြို့ နေထိုင်သူတွေအသုံးပြုတဲ့ ချောင်းရေထဲမှာ သဲနုံးပါဝင်မှု များပြားလာ
မဲခေါင်၊ ဒီဇင်ဘာ ၂၆
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နေထိုင်သူတွေ သုံးရေနဲ့ စိုက်ပျိုးရေးအတွက် အဓိကထားအသုံးပြုနေတဲ့ ချောင်းရေမှာ နုံးပါဝင်မှုမြင့်မားလာတယ်လို့ သိရပါတယ်။
မိုင်းတုံမြို့ထဲကနေ ဖြတ်သန်းစီးဆင်းတဲ့ နမ့်တုံချောင်း၊ နမ့်ဟောင်ခယ်ချောင်းနဲ့ နမ့်ညုချောင်းရေတွေထဲမှာ သဲနဲ့နုံး ပါဝင်မှုမြင့်မားနေတာဖြစ်ပါတယ်။ အဲ့ဒီချောင်းတွေရဲ့ အထက်ပိုင်းမှာ လုပ်ဆောင်နေတဲ့ သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေက စွန့်ပစ်မြေစာတွေ စနစ်တကျစွန့်ပြစ်တာမျိုးမဟုတ်ပဲ စည်းကမ်းမဲ့ စွန့်ပြစ်နေတာကြောင့် အခုလို မြစ်ချောင်းအောက်ပိုင်း သဲနုံးတွေ အများအပြားစီးမျောလာတာ ဖြစ်ပါတယ်။
မိုင်းတုံမြို့မရပ်ကွက်နေသူ တစ်ဦးက “ အရင်ကဒီလို မနောက်ဘူး၊ ရေကကြည်နေတာ၊ ဒီအချိန်က ချောင်းရေကြည်နေရမှာလေ၊ ခုက မနက်အစောကြီးတောင် နောက်နေတာပဲ၊ မုံညင်းခင်းကို အဲရေနဲ့လောင်းတာ ဝါကုန်တယ်၊ ကြက်သွန်ခင်းတွေလဲ ဝါလာတယ်၊ လူတွေက ဒီချောင်းတွေပဲ အသုံးပြုနေကြတာ ၊ ခုရေမချိုးရဲအောင်ဖြစ်နေကြပြီ” လို့ပြောပါတယ်။
အဲ့ဒီ ချောင်းကိစ္စကို ပြီးခဲ့တဲ့ရက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး ကတဆင့် တင်ပြပေမယ့် လူထုတင်ပြချက်ကို မြို့နယ်နဲ့ခရိုင်က လုံးဝအရေးယူဆောင်ရွက်ပေးတာမရှိဘူးလို့သိရပါတယ်။
မိုင်းတုံ-မိုင်းဆတ်သွား ကားလမ်း ၆မိုင်၊ ၈မိုင်နဲ့ ၁၀မိုင် နေရာတွေမှာ ရွှေလုပ်တဲ့ဆည်တွေ၊ ချက်ကန် အများအပြားနဲ့ ရွှေလုပ်ကွက် ရာကျော်ရှိနေပြီး အဲ့ဒီရွှေလုပ်ကွက်တွေကို တရုတ်နိုင်ငံသားတွေက နယ်ခံ လားဟူပြည်သူ့စစ်နဲ့ ပေါင်းပြီး ဒေသစစ်ဘက်၊ အရပ်ဘက်အုပ်ချုပ်ရေးတွေရဲ့ ခွင့်ပြုချက်တွေနဲ့လုပ်နေကြတာလို့သိရပါတယ်။
တာချီလိတ်ခရိုင်၊ တာလေဘက် နားဟိုင်းလုံရွှေကြောဟာ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်က တဆက်တည်း မိုင်းတုံခရိုင် ၊ လွယ်ခမ်းလုံအထိ ရှိနေတယ်လို့ ဘူမိဗေဒသမားတွေ၊ ရွှေရှာသမားတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာရေဘေးမှာ တာချီလိတ်မြို့အစိပ်အပိုင်းတော်မျာများ ရေလွှမ်းနုံးတင်ဖြစ်ရတဲ့ အကြောင်းရင်းဟာ မိုင်းဆတ်နဲ့ မိုင်းခုတ်ချောင်းဝန်းကျင်က ရွှေလုပ်ကိုင်သူတွေကြောင့်လို့ ထိုင်းနိုင်ငံဆန်းစစ်ချက်အစီအရင်ခံစာအပေါ် ရှမ်းလူ့အခွင့်အရေမဏ္ဍိုင်က ထောက်ပြထားပါတယ်။
မိုင်းဆတ်ခရိုင်က ပိန်းခမ်းတစ်ရွာလုံးနီးပါး ရေနဲ့နုံးတွေနစ်မြုပ်ခဲ့ရသလို မိုင်းတုံမြို့မှာလည်း မကြုံဘူးအောင် ရေကြီးရေလွှမ်းပြီး နုံးတွေကျကာ လူသေဆုံးမှုရှိသည်အထိ ထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်းရွှေချက်လုပ်ရာမှာအသုံးပြုတဲ့ ဆိုင်ရာနိုက်တွေ နုံးတွေထဲမှာပါဝင်ကာ အဲ့ဒီသဲနုံးက ဖုံအဖြစ်ပြောင်းလဲပြီးလေထုကတဆင့် အသက်ရှုလမ်းကြောင်းတွေထဲ ဝင်ရောက်ကာ အသက်ရှူလမ်းကြောင်းကျန်းမာရေးပြဿနာဖြစ်ပွါးနေသူတွေရှိနေပါတယ်။ တာချီလိတ်ကနေ မယ်ဆိုင် (စီဘူးလင်း)ဆေးခန်ပြတဲ့ ကလေးငယ်တွေရဲ့ နှာခေါင်းမှာ ရောဂါဖြစ်ပွါးနေတာတွေ့ရတယ်လို့ ဒေသလူမှုရေးအသင်းတစ်ခုက လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
လို့မိုင်းတုံ ကြက်သွန်စိုက်တောင်သူ တစ်ဦးက “ ရေတွေနဲ့ မြေသားထဲ ဓာတုအဆိပ်တွေဘယ်လောက်ပါနေလဲ ဓာတ်ခွဲကြည့်ရင်သိနိုင်ပါတယ်၊ အခုကြက်သွန်ဖြူတွေ ထွက်လာရင် ဥတွေမှာကြိမ်းသေတွေ့ရမှာပါ” လို့ပြောပါတယ်။
သဘာဝပတ်ဝန်းကျင် မြေထု၊ ရေထု၊ လေထုနဲ့သက်ရှိတွေကို ညစ်ညမ်းပြီးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုက်ယာနိုက်နဲ့ရွှေချက်တာ၊ ဟင်းလင်းပွင့်သတ္တုတူးတာတွေကို နိုင်ငံတကာကလည်း ပိတ်ပင်တားမြစ်ထားပါတယ်။
MK-012
#MekongNews









