~ လင်းမောင် ~
တရုတ်နိုင်ငံမှာ ရွှေအတု ပြဿနာကြီး အားလုံး ဗူးပေါ်သလိုပေါ်လာပြီး ၀ရုန်းသုန်းကားဖြစ်နေကြလည်း ကုန်သည်တွေကတော့ သူ့တို့မှာ ဘာတာဝန်ယူမှု၊ တာဝန်ခံမှုမှ ထုတ်ပြမလာဘဲ ပြဿနာကို ပိုကြီးသထက် ကြီးလာစေခဲ့ပါတယ်။ အစိုးရ စည်းကမ်းထိန်းကြပ်ရေးအဖွဲ့တွေရဲ့ ဒီပြဿနာကြီးအပေါ် ဖြေရှင်းဖို့ လုပ်ဆောင် မှုတွေကလည်း အရိပ်အယောင်တောင် သိပ်မပြနိုင်တဲ့အဆင့်မှာပဲ ရှိပါတယ်။ ဒါပေမဲ့ မကြာသေးခင်မှာပဲလူထု အုံကြွ စိုးရိမ်သော က ရောက်စေဖို့ တရုတ်ကွန်မြူနစ်ပါတီ (CCP) ပိုင် အီလက်ထရွန်းနစ်မီဒီယာ CCTV ကပဲ ဒီပြဿနာရှိနေကြောင်း ကို အံ့အားသင့်ဖွယ် တင်ပြလာလဲ့ပါတယ်။ တရုတ်နိုင်ငံထဲမှာရှိတဲ့ ရွှေထည် ထိပ်တန်း နာမည်ကြီး အမှတ်တံဆိပ်အားလုံးနီးပါးကို လှုပ်ယမ်းသွားစေတဲ့ ရွှေအတု လိမ်လည်မှုတွေ များစွာ ရှိနေကြောင်း ဖော်ပြသွားတာဖြစ်ပါတယ်။ ဒီအငြင်းပွားမှုက စက်တင်ဘာလကမှ စတင်လာခဲ့တယ်။ ဟူနန်ပြည်နယ်က အမျိုး သမီးတစ်ယောက် ၂၀၁၃ ချစ်သူများနေ့မှာ ဝယ်ခဲ့တဲ့ နာမည်ကြီး ရွှေဆိုင်က ရွှေလက်ကောက်ဟာ ဝယ်တုန်းက တရုတ်ယွမ်ငွေ ၂၀၀၀၀ ပေးရတဲ့ ၃၅ ဂရမ်ရှိ ရွှေထည်ဖြစ်ခဲ့ရာက ရွှေသန့်စင်ဖို့နဲ့ မီးတင်ခံသွားစစ်တော့ လက် ကောက်အလေးချိန်ဟာ ရွှေသား ဂရမ် ၂၀ ပဲ ရှိတော့တာကို ထိတ်လန့်တကြား တွေ့ရှိသွားရာက စတာပါ။
ဒါလည်းဒီ ထိပ်တန်းနာမည်ကြီးရွှေဆိုင်က ဝယ်သွားတဲ့ ရွှေထည်မှာ 999 Hallmark အမှတ်အသားသာပါပြီး သူတို့ ဆိုင်အမှတ်တံဆိပ်ထုတ် ရွှေထည်ဖြစ်ကြောင်း ဘာအထောက်အထားမှ မပါဘူးလို့ ငြင်းဆိုခဲ့တယ်။ အစ မှာတော့ အများစုက ရွှေဝယ်နေတုန်းအခိုက်အတန့်မှာ ပစ္စည်းလက်ခံရယူတုန်း ရွှေအတုနဲ့ မိသွားတာလို့ပဲ ထင် မြင်ခဲ့ကြပါသေးတယ်။ ရွှေဆိုင်တွေရဲ့ အရည်အသွေးခိုးနေမှုက သမိုင်းကြောင်းနဲ့ချီကို တည်ရှိခဲ့ရာက ဒီလောက် အထိ ရွှေအတုနဲ့အစစ်ကို စပ်ပြီး လိမ်ရောင်းမှုစျေးကွက်အကြောင်း သိလာကြတော့ ပြည်သူလူထုကြီးရဲ့ ဒေါသ တွေ မီးဟုန်းဟုန်းလောင်တဲ့အလား မြင့်တက်လာပေမယ့် အစိုးရအာဏာပိုင်တွေကတော့ တိုးတိတ်ငြိမ်သက်လို့ ကောင်းနေကြတုန်းပါပဲ။
CCTV ရဲ့ မကြာသေးခင်က ဖော်ပြတဲ့သတင်းမှာ ၂၄ ကာရတ်ရွှေတွေဟာ တရုတ်မှာ Rhenium ဆိုတဲ့ ရှားပါး ငွေဖြူသတ္တု (အက်တမ်နံပါတ် ၇၅၊ ဓာတုဒြပ်စင်) တွေ ရောနှောထားကြတာကို တွေ့ရှိရတယ်လို့ ဖော်ပြသွား တယ်။ ဒီဖော်ပြမှုမှာလည်း ဘယ်မှာတွေ့တယ်၊ ဘယ်ဆိုင်က၊ ဘယ်သူတွေလုပ်တယ်ဆိုတာကို မဖော်ပြခဲ့ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ၁၅ ဂရမ်အလေးချိန်ရှိ လက်ကောက်မှာ ဒီလိုတွေ့ရှိရတယ်ဆိုတာလောက်ပဲ ဖော်ပြခဲ့တာပါ။
Rhenium ငွေဖြူသတ္တုဆိုတာ ရွှေနဲ့သိပ်သည်းစရော၊ မီးလောင်အရည်ပျော်နှုန်း စံနှုန်းပါ တူလို့ အထူးကျွမ်းကျင် သူတွေ သေချာ မစစ်ဆေးရင် ခွဲမရနိုင်တဲ့ သတ္တုတစ်မျိုးပါ။ ဖြတ်တောက်ကြည့်တာမျိုး၊ ကြိတ်ပွတ်ကြည့်တာ မျိုးတွေလုပ်၊ ငရဲမီးနဲ့ဆေးကြည့်တာမျိုးတွေလောက်မှ စစ်မစစ်သိနိုင်တဲ့ သတ္တု Rhenium တန်ကြေးက တစ်ဂရမ်ကို ယွမ်ငွေ နည်းနည်းလေးပဲ ပေးရတာဖြစ်ပြီး ရွှေအစစ်စျေးက တစ် ဂရမ်ကို ယွမ် ၆၀၀ ကျော် ပေးရ တာမို့ ကုန်သည်တွေ မဟားဒယား အမြတ်ရဖို့ ရွှေနဲ့ Rhenium ရောနှောလိမ်လည်တဲ့ စျေးကွက်က အင်မတန် ကြီးမားလာပြီး တကယ်ကြီး ဝယ်ယူအသုံးပြုသူတွေကို ပူပန်သောက ကြီးစွာ ပေးလာခဲ့တာကတော့ အသေအချာပါပဲ။ CCTV ရဲ့ ဖော်ပြလာမှုကိုကြည့်ကတည်းက တရုတ်အာဏာပိုင်တွေဟာ ဒီရွှေအတုပြဿနာကြီး ကို သိရှိလာတာ ဘာမှ မကြာသေးဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ ချပြတဲ့ ဖြစ်စဉ်လေးက သောင်ပြင်ကြီးပေါ်က သဲတစ်ပွင့်မျှလောက်သာ ရှိတဲ့ အနေအထားပါ။
CCTV ရဲ့ ဒီရွှေအတုစျေးကွက်ကြီးရှိကြောင်း တင်ပြမှုအပြီး စားသုံးသူတွေကိုယ်တိုင်က ရွှေအတု လုပ်တဲ့ တရုတ်ကုန်သည် ကုမ္ပဏီအမှတ်တံဆိပ်တွေကို စုဆောင်းစာရင်းပြုထုတ်ပြန်တော့ နာမည်ကြီး ကျောက်မျက်ရတနာ ကုမ္ပဏီကြီး ၁၆ ခုနာမည် ပါဝင်လာခဲ့ပါတယ်။ အင်မတန် ထင်ရှားကျော်ကြားတဲ့ Chow Sang Sang နဲ့ Lao Feng Xiang အမှတ်တံဆိပ်တွေလည်း ဒီအထဲ ပါဝင်ခဲ့တယ်။ ရွှေကို မက်မောပြီး ဝယ်စုဆောင်း လေ့ရှိကြတဲ့ တရုတ်ပြည်သူလူထုကြားမှာ ဒီရွှေအတုစျေးကွက်ကြီးအကြောင်းက ရှော့ခ်ဖြစ်စေခဲ့ပြီး ကိုယ့် ရွှေထည်တွေကို စစ်မစစ် သွားရောက် စစ်ဆေးမှုတွေ လုပ်ကြရကုန်တာပါပဲ။
တရုတ်အစိုးရ မကြာသေးခင်ကမှ ရွှေတုစျေးကွက်ဖြစ်နေတာကို စတင်အသိပေးလိုက်ခြင်းမှာလည်း ဘာကြောင့် ဒီလို အချိန်ကိုက်မျိုးမှာမှပြည်သူကို သတိပေး၊ အသိပေးရတာလဲလို့ မယုံကြည်စိတ်တွေ ပေါက်ဖွား လာစေပါတယ်။ တရုတ်မှာ ဟိုးနှစ်ပေါင်းများစွာကတည်းက ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ ဘဏ်တွေကြားမှာ ရွှေ ပေါင်ထားခြင်းဓလေ့ကနေလိမ်လည်မှုအရှုပ်အထွေးများစွာ ရှိနေခဲ့တာကို သိပါလျှက် ခုမှ ထုထည်ကြီးမားလွန်းတဲ့ရွှေစျေးကွက်ကြီးမှာ ရွှေအတုတွေ ထောင်းလမောင်းထ ကြီးထွားလာတာကို ခုမှ စကြုံ ဖူးတဲ့ သာမန် နည်းပညာသုံး ရွှေအတုအပ ပြုလုပ်မှုလောက်အဆင့်မျိုး ထုတ်ပြန်တာကို မယုံကြည်ကြတော့တာပါ။
အားလုံးသိကြတဲ့ ရွှေအရှုပ်တော်ပုံ ပြဿနာတစ်ရပ်ကို ဆွဲထုတ်ပြရရင် ၂၀၂၀ ပြည့်နှစ်က Wuhan Gold King ကျောက်မျက်ရတနာကုမ္ပဏီ အရှုပ်တော်ပုံအကြောင်း စပြောရမှာပါ။ ဒီ ကုမ္ပဏီမှာ တန်ကြေး ယွမ်ဘီလီယံ ၂၀ (ဒေါ်လာ ၂ . ၈၃ ဘီလီယံ) ရှိတဲ့ ရွှေအတု တန် ၁၀၀ လက်ဝယ်ထားရှိတဲ့အကြောင်း ပေါ်ပေါက်ခဲ့ခြင်းပါ။ ဒီအမှုကို စစ်ဆေးတဲ့ တရုတ် ကွန်မြူနစ်ပါတီအကြီးအကဲက ဒီလောက်ကြီးလေးတဲ့အမှုမှာ Wuhan King Gold ကုမ္ပဏီ ဥက္ကဌလည်း ဖြစ်၊ CEO လည်းဖြစ်တဲ့ Jia Zhihong ဟာ ဓားစာခံသက်သက်ဖြစ်ရတာဖြစ်ကြောင်းနဲ့ နောက်ကွယ်မှာ ပိုကြီးမား တဲ့ တရားခံတွေ ရှိနိုင်တယ်လို့သာ အကာအကွယ်ပေး ပြောဆိုသွားတယ်။ တကယ် သတင်းမှန်ဖြစ်ဖို့များတဲ့ ထွက်ပေါ်လာတဲ့ စွပ်စွဲချက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီ (CCP) အဆင့်မြင့်ရာထူးရှိတချို့ဟာ ဘဏ်မှာ ရွှေ ပေါင်ထားတဲ့ ဘီလီယံပေါင်းများစွာချီတန်တဲ့ ရွှေ အစစ်တွေကို Wuhan ဘဏ်တွေကနေ ခိုးထုတ်သွားပြီး ဟောင်ကောင်ကို တရားဝင်လမ်းကြောင်းရော၊ တရားမဝင်လမ်းကြောင်းတွေကပါ ပို့ဆောင်ခဲ့တယ်လို့ ဆိုတယ်။ ဟောင်ကောင်ကနေ ဒီရွှေအစစ်တွေကို CCP ပါတီက နောက်ကွယ်က ကြိုးကိုင်ပြီး နိုင်ငံတကာ ဝယ်လက်တွေဆီ တရားမဝင်စျေးကွက်ကနေ ရောင်းချခဲ့ကြပါတယ်လို့ စွပ်စွဲမှုထွက်လာတယ်။ ဘဏ်တွေထဲမှာ အစားထိုးချန်ထားခဲ့တဲ့ ရွှေအတုတွေဟာ စျေးကွက်ထဲက နာမည်ကြီး ရွှေလုပ်ငန်းအမှတ်တံဆိပ်ကုမ္ပဏီတွေဆီ တစ်ဆင့်ပြန်ရောက်ပြီး အစိုးရဘဏ္ဍာရေး အကျပ်အတည်းက ဝန်တွေကို ပြည်သူ့ပုခုံပေါ် တင်ပေးသလိုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပိုဆိုးတာကတော့ ရွှေလက်ဝတ်ရတနာ စျေးကွက်အခင်းအကျင်းမှာ ပြန်လည်ရောင်းချခြင်း၊ ပြန်လည် သန့်စင်ခြင်းတွေရဲ့ အရွေ့က သိသာစွာ ပြောင်းလဲသွားတယ်။ အရင်က နည်းနည်းလေး အတိမ်းအစောင်းရှိတာနဲ့ CCP ပါတီက ကြပ်မတ်ပြီး ဆင်ဆာဖြတ်တောက် သတင်းထိန်ချန်မှုလုပ်တာကလွဲလို့ အရေးယူလေ့ရှိတယ်။ လက်ရှိ မှာတော့ စီးပွားရေးကျဆင်းခြင်းဒဏ်မှာ CCP ရဲ့ ရွှေအတု စျေးကွက်ကြီး ဟီးထလာခြင်းအပေါ် ကိုင်တွယ်ဖြေ ရှင်းမှု မရှိသလောက် နှုတ်ဆိတ်နေခဲ့ပါတယ်။ ဒါကြောင့်လည်း ရွှေပိုင်ဆိုင်ထားရှိမှုကို စွန့်လွှတ်ဖို့ ပြည်သူတွေကို ဖိအားပေး စေခိုင်သလိုဖြစ်လာတယ်။ အထူးသဖြင့် ရွှေအတုံးအခဲ ကိုင်ဆောင်စုဆောင်းသူတွေရဲ့ မလုံခြုံမှုကို ဖြစ်တည်စေတာမျိုးပါ။ ဒါကြောင့်ပဲ ရွှေစျေးဟာ မယုံနိုင်စရာကောင်းလောက်အောင် ပြောင်းလဲ သက်ရောက်မှုတွေနဲ့ ပြည်သူစားသုံးသူတွေကြား သံသယလှိုင်းလုံးကြီးတွေ ဆင့်ကာဆင့်ကာ ရိုက်ခတ်လာစေခဲ့ပါတယ်။ နှစ်ရှည်လများ ရွှေအတုလုပ်တဲ့ ကုန်သည်တွေအတွက်လည်း ရွှေကို Rhenium ရောနှော အတုလုပ်ဖြန့်ဖြူးခြင်း တွေဟာလည်း များသထက်များလာခဲ့ပါတယ်။ ၂၀၂၀ ကစဖြစ်တဲ့ Wuhan King Gold အရှုပ်တော်ပုံဟာ ရွှေ အတုတန် ၁၀၀ နဲ့တောင် ပတ်သက်ခဲ့ပေမယ့် ဒါဟာ ခုမှ ဖုံးမရလို့ ပေါ်လာတဲ့ အရှုပ်အထွေးပေါင်းများစွာထဲက တစ်ခုလောက်မျှဆိုတဲ့အဆင့်ပဲ ရှိသေးတာပါ။ ဒိထက်ပို နက်နဲ့ ရှုပ်ထွေးတည်ရှိနေတဲ့ ရွှေအတု အရှုပ်တော်ပုံတွေ တရုတ်မှာ အများကြီး ရှိနေတာလည်း သေချာခဲ့ပါပြီ။
ဒီရွှေအတုပြဿနာဟာ တရုတ်ပြည်တွင်းထဲမှာသာမကဘဲ နယ်စပ်ဖြတ်ကျော် ကမ္ဘာ့ရွှေစျေးကွက်ကိုပါ ရိုက်ခတ် ထိုးနှက်လာပါတယ်။ ကမ္ဘာ့ရွှေစျေးကွက်ထဲ တရုတ်ရွှေအတုတွေက စိမ့်ဝင်ရောက်ရှိနေပါပြီ။ အမေရိကန်က ရွှေဒင်္ဂါး၊ ငွေစက္ကူ၊ ဆုတံဆိပ်စုဆောင်းသူတွေ စျေးကွက်မှာ တန်ဖိုးထားအသိအမှတ်အပြုဆုံး ရွှေက သိန်းငှက်ဒင်္ဂါးလို့ ခေါ်တဲ့ ရွှေဒင်္ဂါးပါ။ စုဆောင်းသူတွေရော၊ ရင်းနှီးမြှုပ်နှံသူတွေပါ လက်ဝယ် တန်ဖိုးထား စုဆောင်းတဲ့ ဒင်္ဂါးပါ။ အခု ဒီစျေးကွက်ထဲကိုလည်း တရုတ် ရွှေဒင်္ဂါးအတုတွေ စိမ့်ဝင်ရောက်ရှိလာပြီမို့ ဝယ်ယူသူ တွေ အထူးသတိထားကြဖို့ သတိပေးတိုက်တွန်းမှုတွေ ရှိလာခဲ့တယ်။ ရွှေကို အဖြိုက်နက်အပါ တခြားသော သတ္တုတွေနဲ့ ရောပြီး သိန်းငှက်ဒင်္ဂါးအတုတွေ လုပ်လာတယ်။ အစစ်လားအတုလားဆိုတာကို တော်တော် လေ့ကျင့်သင်ကြားပေးထားတဲ့ ရွှေလုပ်ငန်းပညာရှင်တွေလောက်ပဲ သိနိုင်တာမို့ အားနည်းတဲ့ စတော့ခ်စျေးကွက် စျေးတွေရော၊ အိမ်ခြံမြေလုပ်ငန်းတွေမှာပါ ရိုက်ခတ်သက်ရောက်လာတယ်။ လုံခြုံစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု အဖြစ် တရုတ်အများစု လက်ခံလုပ်ဆောင်တဲ့ ရွှေစျေးကွက်ကြီး ပြောင်းလဲ အကျပ်ရိုက်သွားဖို့ လှုံ့ဆော်မှုတွေ လည်း ဟိုးလေးတကျော် ဖြစ်လာရတယ်။
ရလဒ်ကတော့ ရေတွက်လို့တောင်မနိုင်တဲ့ ရွှေအတုကွန်ရက်ထဲက လူတစ်ဦးချင်းစီပေါင်းများစွာ ပါဝင်ပတ်သက်နေမှုဟာ လူတွေကို စိုးရိမ်စိတ်နဲ့ စိတ်ပျက်မှုတွေဆီ ရောက်ရှိစေပါတော့တယ်။ တချို့ကလည်း တရုတ်မှာ စီးပွား ရေးအဘက်ဘက်က ကျဆင်းဆုတ်ယုတ်လာမှုမှာ လုံခြုံစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ၂၄ ကာရတ်ရှိတဲ့ 999 gold ရွှေထည်တွေကို ရည်ရွယ်ရင်းမရှိပါပဲ ဝယ်ယူစုဆောင်းမှုတွေ လုပ်လာကြတယ်။ နောက်တော့ ဝယ်ထားတဲ့ ရွှေတွေဟာ အဆင့်မမီတဲ့ သတ္တုရောရာ ရွှေအတုတွေဖြစ်နေတာ သိရှိခံစားရပြီး ဒီလူတွေဟာ ငွေရေးကြေးရေး ပိုင်းမှာ ထိခိုက်ပျက်စီးစေရုံသာမက ရွှေစျေးကွက်ကြီးအပေါ် အယုံအကြည်မရှိတော့တဲ့ အနေအထားကို ရောက်ရှိကုန်ကြတယ်။ ဥပမာအားဖြင့် ၁၉၈၅ ယွမ် (ဒေါ်လာ ၂၈၀ ) တန်ကြေးရှိ ရွှေဆွဲသီးကို စားသုံးသူက ဝယ်ပြီး ငရဲမီးစမ်းသပ် စစ်ဆေးမှုလုပ်ပြီးမှ အတုဖြစ်မှန်းသိရတာမျိုးတွေ အများကြီးရှိလာတယ်။ ရွှေ အစစ် ဟုတ်မဟုတ် အတုပင်လယ်ပြင်ကြီးထဲ လှည့်ဖျားထားတဲ့ ရွှေထည်တွေကို စစ်ဆေးဖို့ ပူပန်သောက ရောက်ရမှု၊ ငွေကြေးထိခိုက်ဆုံးရှုံးမှုနဲ့ စိတ်ခံစားချက် ပျက်ပြားမှုတွေကို ပြည်သူတွေက ခံစားကြရပြန်တယ်။
ရွှေအတုအရှုပ်တော်ပုံဟာ တရုတ်ကွန်မြူနစ်အစိုးရအပေါ် ယုံကြည်ကိုးစားမှု ဆိုးဆိုးရွားရွား ထိခိုက်သွားစေ ပါတယ်။ နိုင်ငံရဲ့ အမျိုးသားရွှေအရန်ထားရှိမှုတွေမှာလည်း လိမ်လည်လှည်ဖျားထားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု အစီရင်ခံစားတွေလည်း ဖော်ပြထွက်ရှိလာကြတယ်။ အကြီးမားဆုံးသော ရွှေအတု ၈၃ တန်ကို ချေးငွေ ချထား မှုမှာ အသုံးချခဲ့တယ်ဆိုတဲ့ အစိုးရအပေါ် သင်္ကာမကင်းတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်ခဲ့သေးလို့ အစိုးရဟာ နိုင်ငံသားတွေအပေါ် ကာကွယ်ပေးနိုင်စွမ်းမရှိဘူးဆိုတဲ့ ယုံကြည်မှုကင်းမဲ့မှုတွေဖြစ်လာတယ်။ ရွှေအတုစျေးကွက်ကို တိုက်ဖျက်ဖို့လည်း ခိုင်လုံတဲ့ အစီအမံတွေကင်းမဲ့နေခြင်းက ပြည်သူတွေရဲ့ ဒေါသနဲ့ ခံစား ရမှုတွေကို ပြင်းထန်လာစေပါတယ်။
ရွှေအတုကပ်ဘေး နောက်ဆက်တွဲဆိုးကျိုးတွေဟာ တရုတ်နိုင်ငံနယ်နိမိတ်ကိုကျော်လွန်ပြှး ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေတယ်။ ကမ္ဘာ့မှာ ရွှေစျေးကွက်ရဲ့ ထိပ်တန်းစားသုံးသူတရုတ်နိုင်ငံရဲ့ ရွှေအတုပြဿနာနဲ့ ရုန်းကန်နေရမှုက နိုင်ငံတကာရွှေဈေးကွက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ရွှေသန့်စင်မှုမှာ ကျော်ကြား တဲ့ တရုတ်နိုင်ငံမှာကိုက နာမည်ကြီး အမှတ်တံဆိပ်ထုတ် ကုမ္ပဏီတွေမှာ ရွှေတုံးအတုတွေ ကိုင်ဆောင်နေပြီး ကမ္ဘာ့ စျေးကွက်ထဲ ထိုးဖောက်ဝင်ရောက်လာနေတာဟာ ရွှေရည် စည်းကမ်းထိန်းသိမ်းရေးနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ဖန်တီးဖြစ်တည်လာစေပါတယ်။ ဒီအခြေအနေမှာ ရွှေအစစ်အမှန်ရဲ့တန်ဖိုးကို ထိခိုက်စေရုံသာမက ငွေခဝါချမှုနဲ့ ရာဇ၀တ်လုပ်ငန်းတွေရဲ့ ငွေကြေးခဝါချထောက်ပံ့မှုအပါအဝင် မသမာတဲ့ ဒုစရိုက်လုပ်ဆောင်မှုကွန်ရက်တွေကိုပါ လွယ်ကူချောမွေ့ သွားစေတယ်။
ရွှေအတုပြဿနာဟာ တရုတ်နိုင်ငံသားတွေ၊ တရုတ်အစိုးရကိုထိခိုက်စေရုံသာမက ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေတဲ့ အကျပ်အတည်းကြီးဖြစ်လာပါပြီ။ လူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်း၊ ငွေပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုအပြင် အစိုးရအာဏာပိုင်တွေအပေါ် ယုံကြည်မှုကျဆင်းတာ၊ နိုင်ငံတကာရွှေစျေးကွက်ကိုပါ ဆိုးရွား ထိခိုက်သက်ရောက်စေတာ အလွန်တရာ အန္တရာယ်ကြီးတဲ့အခြေအနေပါ။ ဒါကြောင့် တရုတ်နိုင်ငံ အစိုးရဟာ သူတို့ကိုယ်တိုင် စီးပွားရေးအကျပ်ရိုက်နေရမှုကို ဖြေရှင်းရာမှာ ရွှေအတုပြဿနာကို ထိရောက်တဲ့ မဟာဗျူဟာစီမံကိန်းချမှတ် ဟန့်တားနိုင်မှ လူထုယုံကြည်မှုကို ပြန်ရပြီး တည်ငြိမ်တဲ့ ရွှေစျေးကွက်ကို ပြန်လည် ထုဆစ်နိုင်မှာဖြစ်လို့ မဖြစ်မနေ တာဝန်ယူကိုင်တွယ်ရတော့မှာ ဖြစ်ပါကြောင်း. . .။
#MeKongNews








