မဲခေါင်၊ ဒီဇင်ဘာ ၂၁
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ အောင်သပြေဂူကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNDF နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ၀င်ရောက်တိုက်ခိုက်ရာ ဗိုလ်အဆင့် အပါအ၀င် သေဆုံးသူ ၁၁ ဦးအထိရှိပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့( ဒီဇင်ဘာ ၂၁) မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်၊ မနက် ၆ နာရီခန့်မှာ စတင်ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် -၂ ၊ KNDF တပ်ရင်းအမှတ်- ၂၊ KNDF တပ်ရင်းအမှတ် -၁၄၊ KNDF UAV နဲ့ Loikaw PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေအပြင် စစ်သုံ့ပန်း လေးဦးနဲ့ လက်နက်မျိုးစုံ ၁၂ လက် သိမ်းဆည်းရရှိပါတယ်။
စစ်ကောင်စီဘက်က နှစ်ပွင့်ဗိုလ် တစ်ဦး၊ တပ်ကြပ် တစ်ဦး၊ တပ်သား ကိုးဦး သေဆုံးကာ MA-1 ခုနှစ်လက်၊ MA-11 လေးလက်နဲ့ MA-3 တစ်လက် စုစုပေါင်း ၁၂ လက်သိမ်းဆည်းရရှိတာပါ။
တိုက်ပွဲအတွင်း KNDF ရဲဘော်တစ်ဦး လက်မောင်းရှပ်ထိ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အကျဆုံးများတာကြောင့် ဒရုန်းအပါအ၀င် လက်နက်ကြီးအများအပြားနဲ့ ပြန်လည်ပစ်ခတ်တယ်လို့ ဆိုပါတယ်။
ကရင်နီးပြည်နယ်တွင် စစ်ကောင်စီမှာ လွိုင်ကော်မြို့မှတဆင့် အခြားနေရာဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြန်လည်ပြုလုပ်နေတာကြောင့် ပြည်သူလူထုအနေဖြင့် အခြေအနေအား အမြဲမပြတ်နားစွင့်ထားကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတိပေးထုတ်ပြန်ပါတယ်။
CJ-017
#MekkongNews
#အောင်သပြေဂူစခန်း
#စစ်ကောင်စီ၁၁ဦးကျ
#သုံ့ပန်းလေးဦး
#လက်နက်မျိုးစုံ
#KNDF








