KIA ဆေးတပ်သားအမျိုးသမီးတစ်ဦး တောင်ကြီးမှာ ဖမ်းဆီးခံရ
မဲခေါင်၊ ဒီဇင်ဘာ ၂၀
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှ KIA ဆေးတပ်သားအမျိုးသမီးတစ်ဦး တောင်ကြီးမြို့မှာ လူနာလာစောင့်ရင်း Tiktok အကောင့်ကနေတဆင့် စစ်ကောင်စီ ရဲတွေခြေရာခံပြီး ဖမ်းဆီးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်၊ ည ၁၀နာရီခန့်က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပန်းလှိုင်(ယခင် စိန်ဆေးရုံ)ကို အမှတ်(၁) ရဲစခန်းမှ ရဲများဝင်ရောက်ရှာဖွေပြီး KIA စစ်ဒေသ တပ်မဟာ (၆)၊ တပ်ရင်း(၉)မှ ဆေးတပ်သားအမျိုးသမီး Lahtaw Roi Seng Zin မဆိုင်းဇင် နဲ့ အခြားလူနာစောင့်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရတာပါ။
သူတို့ကိုဖမ်းဆီးသွားပြီး နာရီပိုင်းခန့်အကြာမှာ အခြားလူနာစောင့်အမျိုးသမီးကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး မဆိုင်းဇင်ကိုတော့ ဖုန်းထဲမှာ KIA စစ်ဝတ်စုံနဲ့ ပုံတွေ တွေ့တာကြောင့်ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
သူက ဟိုတပတ်က တောင်ကြီးရောက်နေတာဆိုပြီး TikTok မှာ သူရောက်နေတဲ့ဆေးရုံကို ဗီဒီယိုရိုက်တင်လိုက်တာ၊ အဲ့နေ့ညက နင့်ကို”ရှာနေကြာပြီဆိုပြီး ဆေးရုံမှာလာဆွဲသွားတာပါ” လို့ နီးစပ်သူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
ဆေးတပ်သား မဆိုင်းဇင်ဟာ သူ့ရဲ့ဆရာမဖြစ်သူ ကျန်းမာရေးမကောင်းလို့ ဆေးရုံလာစောင့် ကူပေးတာဖြစ်ပါတယ်။ Tiktok follower ၁ သိန်း ၇ သောင်းနီးပါးရှိတဲ့ မဆိုင်းဇင်က KIA စစ်ဝတ်စုံနဲ့ ဗီဒီယိုတင်ဖူးတာ၊ တပ်ရင်းတစ်ခုထဲက တာဝန်ထမ်းဆောင်နေတဲ့ သူတွေနဲ့ အတူ ဗီဒီယိုတင်ဖူးတာတွေရှိခဲ့တယ်လို့သိရပါတယ်။
မဆိုင်းဇင်ရဲ့တည်နေရာကို ခြေရာခံခဲ့နိုင်တယ်လို့ ယူဆရတဲ့ ဗီဒီယိုမှာတော့ ပန်းလှိုင်ဆေးရုံ ပြတင်းပေါက်ကနေ တောင်ကြီးမြို့ အပေါ်စီးမြင်ကွင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ရဲတွေစစ်မေးရာမှာ မဆိုင်းဇင်က KIA မှာ တာဝန်မထမ်းဆောင်တော့တာ ၉ လခန့်ရှိပြီလို့ ကနဦးဖြေဆိုခဲ့ပေမယ့် ရဲတွေက ဖုန်းကိုစစ်ဆေးရာမှာတော့ တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း အချက်အလက်တွေ တွေ့ခဲ့ပြီးနောက် ခွင့်မဲ့ပျက်ကွက်ပြီး ဆေးရုံလာစောင့်တာဖြစ်ကြောင်း ဝန်ခံခဲ့ရတယ်လို့ သိရပါတယ်။
” သက်ဆိုင်ရာ တပ်ရင်းတာဝန်အလိုက် wechat group တွေဖွင့်ထားတာရှိတယ်၊ သူဖမ်းခံရတာသိသိချင်းတော့ သူ့အကောင့်ကို group တွေထဲကထုတ်ပြီး block ထားကြတယ်၊ အစကတည်းက သူ့ကိုပြောတယ်၊ တောင်ကြီးရောက်နေတာမတင်နဲ့လို့ သူ့ကိုသတိပေးပါတယ်၊ သူကဘာမှမဖြစ်ပါဘူးပဲ ပြန်ပြောတာ၊ အဲ့စစ်ဝတ်စုံနဲ့တင်တာကလည်း လက်မောင်းဘက်တံဆိပ်တွေ အကုန်ပါတာ၊ ဖမ်းခံရတော့ သူချက်ချင်း တစ်တော့ကနေတော့ ဖျက်လိုက်တယ်၊ ဒါပေမယ့် တခြားသီးသန့်ဆက်သွယ်ထားတာတွေ၊ ဓာတ်ပုံတွေလည်း မဖျက်ဘူး၊ ဘာမှမဖျက်ထားဘူးတဲ့၊ အခုကျဘယ်လိုမှလုပ်မရတော့ဘူး၊ မိန်းကလေးမို့ပိုပြီးစိတ်ပူနေရတယ်” လို့မဆိုင်းဇင်နဲ့အတူ တပ်ရင်းတခုတည်း တာဝန်ထမ်းဆောင်နေတဲ့ CDM ဆရာဝန်အမျိုးသမီးက ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် မဆိုင်းဇင်ဟာ မူဆယ်မြို့နယ်၊ တီးမားရွာဇာတိဖြစ်ပြီး ဆေးတပ်သားအဖြစ်တာဝန်ထမ်းဆောင်တာ ၂ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ မဆိုင်းဇင်ရဲ့ အမှုကိစ္စအတွက် ကူညီပေးနေတဲ့ လူနာမိသားစုကတော့ သူတို့ဆက်သွယ်ရာမှာ ဖမ်းဆီးစစ်မေးမြန်းစဉ် နှိပ်စက်ခံရတာမျိုးမရှိကြောင်းနဲ့လိုအပ်တဲ့ စားစရာနဲ့ အဝတ်အထည်၊ စောင်တွေ ပို့ပေးလို့ရတယ်လို့ သိရပါတယ်။
တောင်ကြီး ရှေ့နေအသိုင်းဝိုင်းကတော့ မဆိုင်းဇင်ကို မတရားအသင်းဆက်သွယ်မှု နဲ့ အကြမ်းဖက်ပုဒ်မတွေ နှစ်ခုမကတပ်ပြီး တရားစွဲဆိုခံရနိုင်တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ တောင်ကြီးမှာပဲ အမှုရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဆေးတပ်သား မဆိုင်းဇင် ဖမ်းဆီးခံထားရတာနဲ့ ပတ်သတ်ပြီး KIA တပ်ရင်း-(၉)မှ စစ်ဆေးအရာရှိနဲ့ ဇာတိရွာ အုပ်ချုပ်ရေးမှူးနဲ့ မိသားစုကို မဲခေါင်က ကြိုးစားဆက်သွယ်ပေမယ့် ကွတ်ခိုင်တမြို့နယ်လုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် ဒီနေ့အထိ ဆက်သွယ်လို့ မရသေးပါဘူး။
KIA တပ်တွင်းမှာတော့ ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက ဆိုရှယ်မီဒီယာမှာ စစ်ဝတ်စုံတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်မတင်ဖို့၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာလုပ်နိုင်တဲ့အတွက် သိသာတဲ့နေရာတွေ၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုမတင်ဖို့ တားမြစ်ထားပြီး၊ တင်ရင်အပြစ်ပေးတာမျိုး ပြုလုပ်မယ်လို့ စည်းကမ်းထုတ်ထားပေမယ့် လူငယ်အများစုက လက်မခံဘဲ TikTok မှာ တင်နေကြပါတယ်၊ ဒါပေမယ့် ထိရောက်စွာအရေးယူခြင်းမရှိဘူးလို့ KIA နီးစပ်သူတွေက ဆိုပါတယ်။
CJ-001








