မဲခေါင်၊ ဒီဇင်ဘာ ၁၇
ဒီဇင်ဘာ ၃ ရက်နေ့က တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယို ရုတ်တရက် စစ်အာဏာသိမ်းမှု မာရှယ်လော ဥပဒေကြေညာခဲ့မှုနဲ့ပတ်သက်လို့ သမ္မတကို အယုံအကြည်မရှိအဆိုနဲ့ လွှတ်တော်က မဲပေးအာဏာ ရုပ်သိမ်းပြီးနောက် ဒီ မာရှယ်လောကြေညာမှုမှာ စစ်တပ်ဘက်က အဓိကကျခဲ့သူ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ပါ့ခ်အန်ဆုကို ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။
ပါ့ခ်အန်ဆုဟာ သူပုန်ထခြင်းနဲ့ အာဏာအလွဲသုံးစားလုပ်ခြင်း ပြစ်မှုမြောက်တယ်လို့ တောင်ကိုရီးယား ရှေ့နေတွေက စွဲချက်တင်ခဲ့တာဖြစ်ပြီး လက်ရှိ တာဝန်ရပ်စဲထားတဲ့ သမ္မတ ယွန်းဆက်ယိုကိုလည်း နောက် ၆ လ ပြည့်ချိန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆက်လက် အရေးယူသွားဖို့လည်း ရှိလာနိုင်ကြောင်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က တောင်ကိုရီးယားလွှတ်တော်မှာ ယွန်းဆက်ယိုကို အယုံအကြည်မရှိအဆို ဒုတိယအကြိမ်မြောက်တင်သွင်းခဲ့ပြီး လုံလောက်တဲ့ ထောက်ခံမဲရခဲ့တာကြောင့် ရာထူးက ရပ်ဆိုင်းလိုက်ပြီး ဝန်ကြီးချုပ် ဟန်ဒက်ဆိုးကို ယာယီ သမ္မတတာဝန်လွှဲပေးခဲ့ပါတယ်။
လာမယ့် ရက် ၆၀ ပြည့်ရင် သမ္မတသစ် ရွေးကောက်ပွဲကျင်းသွားမှာဖြစ်ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ခုံသမာဓိ ၆ ယောက်ဟာ ယွန်းဆက်ယိုကို ရာထူးက ဖယ်ရှားပြီးကြောင်း အတည်ပြုထောက်ခံပေးဖို့ လိုနေပါသေးတယ်။
ဒီလို အတည်ပြုထောက်ခံပြီးရင်နောက် ၆ လအကြာမှာ ယွန်းဆက်ယိုအပေါ် စွဲချက်တင် စုံစမ်းစစ်ဆေး အရေးယူသွားဖို့ ရှိနေကြောင်းလည်း သိရပါတယ်။
Ref: outlookindia
MKF-001
#MeKongNews
#တောင်ကိုရီးယား
#စစ်ဦးစီးချုပ်
#မာရှယ်လော
#ဖမ်းခံရ
#ယွန်းဆက်ယို
#ပါ့ခ်အန်ဆု








