မဲခေါင်၊ ဒီဇင်ဘာ ၁၃
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က တောင်းခမ်းဒေသမှာ စစ်ကောင်စီနဲ့ TNLA နဲ့ မဟာမိတ်တပ်ပေါင်းစု မနေ့(ဒီဇင်ဘာ ၁၂)ညပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေကာ နားရှိုးရွာ ကမ္ဘောဇကျောင်းတိုက်နားအထိ ဖြစ်ပွားနေတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီက မံမော် နဲ့ နားရှိုဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ရွာထဲကျရောက်ပေါက်ကွဲကာ နွယ်သက်ဦး ဆိုတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး သူ့ရဲ့ကလေးအကြီး ခြေပြတ်၊ လက်ပြတ်ဖြစ်ကာ ကလေးငယ်လည်း စိုးရိမ်ဒဏ်ရာရလို့ TNLA က ဆေးကုဖို့ ခေါ်ထုတ်သွားနိုင်တယ်လို့ သိရပါတယ်။
ဒိအပြင် ရွာအပြင်မှာ ပြောင်းဖူးကြိတ်နေတဲ့ အမျိုးသားတစ်ဦးလည်း လက်နက်ကြီးစထိမှန်လို့ လက်နှစ်ချောင်း ပြတ်သွားတယ်လို့ ဆိုပါတယ်။
မံမော်ရွာ တစ်ရွာလုံးကတော့ ဗုံးခိုကျင်းထဲမှာ ခိုအောင်းနေရတဲ့အဆင့်ရောက်သွားပြီလို့ ပြောပါတယ်။
တောင်းခမ်းရွာ အနောက်ခြမ်းမှာတော့ စစ်ကောင်စီက ဒေသခံတွေပိုင်ဆိုင်တဲ့ ကြက်၊ ၀က် ကအစ ခွေးပါမကျန် ပစ်သတ်စားနေကြတယ်လို့ ဆိုပါတယ်။
အမြှောက်တပ်(၃၅၄) ဘက်မှာလည်း တစ်နေကုန် တိုက်ပွဲပြင်းထန်လျက်ရှိကာ တောင်ခမ်းရွာအရှေ့ခြမ်းမှာ အိမ်ထောင် ၁၁ စုသာကျန်ရှိနေတာဟာ ဘုန်းကြီးကျောင်းရှိနေသေးတာရယ် ဝက်၊ ကြက်၊ နွားတွေကြောင့် အရဲစွန့်ပြီး နေနေကြတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီတပ်က သရက်ကုန်းတောင်ဘက်ကနေ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး သုံးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်းက အမှတ် (၁) သကြားစက်ရုံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား နှစ်ဦးရဲ့ ခေါင်းနဲ့ အမျိုးသမီးတစ်ဦး ပေါင်မှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ ကားနှစ်စီးနဲ့ နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ The Taang Post ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒေသနေပြည်သူလူထု အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့ မရှိစေရန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတောကြောင့် ပြည်သူအနေနဲ့ အထူးဂရုပြုကြရန် လိုအပ်တယ်လို့ PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
MK-012
#MekongNews
#TNLA
#စစ်ကောင်စီ
#တောင်ခမ်းဒေသ
#တိုက်ပွဲ
#ဝက်၊ကြက်








