မသင်္ကာဖွယ်ရာ သတင်းပေးနိုင်တဲ့ အွန်လိုင်းစာမျက်နှာ MNDAA စီစဉ်တာမဟုတ်
ဒေသခံအစုအဖွဲ့ရဲ့အစီအစဉ်သာဖြစ်
မဲခေါင်၊ ဒီဇင်ဘာ ၁၁
မနေ့ (ဒီဇင်ဘာ၁၀)က အွန်လိုင်းမှာပျံ့နှံ့ခဲ့တဲ့ လားရှိုးမြို့တွင်းမှာ မသင်္ကာဖွယ်ရာအခြေအနေတွေ တွေ့ရှိပါက တိုင်ကြားနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ Lashio Info Page ဟာ ကိုးကန့်တပ်( MNDAA)က စီစဉ်တာမဟုတ်ပဲ မြို့ခံတချို့ရဲ့ Volunteers သဘော သီးသန့် ဖွင့်လှစ်တာဖြစ်တယ်တယ်လို့ သိရပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့တွင်း တည်ငြိမ်မှုရှိစေဖို့ စစ်ကောင်စီသတင်းပေးတွေ၊ သူခိုးတွေ၊ မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ၊ လုယက်မှုတွေနဲ့ မသင်္ကာဖွယ်ရာအခြေအနေတွေ တွေ့ရှိပါက Lashio Info Page ရဲ့ Messenger သို့မဟုတ် Lashio InfoTelegram မှ တစ်ဆင့် သတင်းပေးပို့ တိုင်ကြားနိုင်တယ်လို့ ရေးသားဖြန့်ဝေထားတဲ့အပေါ် MNDAAရဲ့ လုပ်ဆောင်ချက်ပုံစံမျိုး ယူဆကြတာ ဖြစ်ပါတယ်။
“ ဒီမြို့မှာရှိတဲ့ မြို့ခံတွေက Page ကိုတည်ထောင်ထားတာပါ၊ ပြည်သူတွေအနေနဲ့ လာပြီးပြောလို့ရအောင် နေရာတစ်နေ့ရာပေါ့နော်၊ မဟုတ်ရင် ဟိုနေရာသွားတိုင်ရမှာလား ဒီနေရာသွားတိုင်ရမှာလားဖြစ်နေမှာဆိုးလို့ တစ်နေရာထဲမှာစုပြီး ပြောလို့ရအောင် အခုလို Page လေးလုပ်ထားတာပါ” လို့ Page တည်ထောင်ရာမှာ Volunteers အနေနဲ့ပါ၀င်သူတစ်ဦးက ပြောပါတယ်။
အဲဒီ Page ကတဆင့် လာရောက်တိုင်ကြားတာတွေကို သက်ဆိုင်တဲ့အာဏာပိုင်အဖွဲ့အစည်းတွေထံ ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပြီး တိုင်ကြားမှုက တကယ်အမှန်ဟုတ် မဟုတ်၊ ပုဂ္ဂိုလ်ရေးအညှိုးအတေးတစ်ခုခုနဲ့ တစ်ဖက်သားအပေါ် နစ်နာလိုစိတ်နဲ့ သတင်းအမှားပေးတာမျိုးဟုတ်၊ မဟုတ် အစရှိတာတွေ ပြန်လည်စိစစ်သွားမှာဖြစ်သလို မှန်ကန်ပါက အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
မူးယစ်ဆေး ရောင်း၀ယ်ဖောက်ကားသူတွေနဲ့ သုံးစွဲသူတွေအပြင် ခိုးဆိုးလုနှိုက်ပြစ်မှုကျူးလွန်သူတွေကို တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့လုံခြုံရေးအဖွဲ့နဲ့ မှုခင်းကိစ္စကိုင်တွယ်တာတွေကို လက်ရှိမြေပြင်မှာလည်း ဖမ်းဆီးအရေးယူဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လားရှိုးမြို့သူ မြို့သားတွေအနေနဲ့ စစ်ကောင်စီ သတင်းပေးသူတွေ၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုကျူး လွန်ရန် ကြံစည်မှုတွေကိုသိရှိပါက သတင်းပေးတိုင်ကြားပေးကြဖို့ နှိုးဆော်ထားပါတယ်။
CJ-017
#MeKongNews








