မဲခေါင်၊ ဒီဇင်ဘာ ၁၀
ဒီဇင်ဘာ ၈ ရက်ညက ဘန်ကောက်မြို့လယ် S31 Sukhumvit ဟိုတယ်အလွှာ ၂၀ က အခန်းထဲမှာ အတွင်းခံသာ ဝတ်ထားပြီး မူးယစ်ဆေးဝါးသုံးစွဲပါတီပေးနေတဲ့ Gay ပါတီပွဲကို ထိုင်းရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ၁၂၄ ယောက်ကို ဖမ်းဆီးရမိကြောင်း ထိုင်းဒေသခံ သတင်းတွေမှာ ဖော်ပြပါတယ်။
ပါတီပွဲမှာ အားလုံးနီးပါးက Gay အမျိုးသားတွေသာဖြစ်ပြီး ၃၁ ယောက်ဟာ တရားမဝင်မူးယစ်ဆေးတွေဖြစ်တဲ့ Ecstasy၊ ketamine နဲ့ Crystal methamphetamine တွေကို လက်ဝယ်ပိုင်ဆိုင်ထားကာ ဆေးစစ်အပြီးမှာတော့ ၆၆ ယောက်ဟာ ဆေးသုံးထားကြောင်း တွေ့ရှိရတဲ့အတွက် အရေးယူနိုင်ဖို့ စီစဉ်နေကြောင်း ရဲမှူးကြီး ပန်ဆာ အမ်မရာပီတက်က AFP ကို ပြောကြားသွားပါတယ်။
ဖမ်းဆီးရမိတဲ့ ၁၂၄ ယောက်ထဲမှာ ပြစ်မှုကျူးလွန်ထားသူတွေကို ဥပဒေအရ အရေးယူမှာဖြစ်ပြီး အမျိုးသား ၂ ယောက်၊ နိုင်ငံခြားသား ၅ ယောက်နဲ့ ကျန်တဲ့သူတွေကိုတော့ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ မကြာသေးခင်ကပဲ နိုင်ငံအတွင်း လိင်တူလက်ထပ်ခွင့်ကို တရားဝင် ဥပဒေပြဌာန်းခွင့်ပြုခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ ၂၂ ရက်နေ့ကစလို့ လိင်တူလက်ထပ်ခွင့်ပြုကာ ဒီ Rainbow Tourism ခေါ်တဲ့ LGBTQ+ tourism လုပ်ငန်းကနေ ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံဝင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းကြောင့် ထိုင်းနိုင်ငံအတွင်း အချိန်ပြည့်အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၅၂၀၀၀ ထပ်တိုးလာပြီး နိုင်ငံစုစုပေါင်း GDP ၀.၃ ရာခိုင်နှုန်း တိုးတက်လာဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုမှု အဓိကဗဟိုချက်ဖြစ်နေပြီး မူးယစ်ဆေးများစွာ ဖမ်းဆီးနေပေမယ့် ပပျောက်မသွားဘဲ ပိုမိုစျေးကွက်ဖြစ်ထွန်းနေခဲ့ပါတယ်။
မနှစ်က ကုလသမဂ္ဂ မူးယစ်နဲ့ ရာဇဝတ်မှုရုံး (UNODC) ရဲ့ ထုတ်ပြန်မှုအရ အရှေ့နဲ့ အရှေ့တောင်အာရှမှာ တစ်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ စိတ်ကြွမူးယစ်ဆေးဝါး စံချိန်တင်အဖြစ် တန် ၁၉၀ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
Ref:AFP
MKF-001
#MeKongNews
#ဘန်ကောက်
#ဂေးပါတီ
#ဝလစ်စလစ်
#မူးယစ်ဆေးဝါး
#ဖမ်းမိ








