မဲခေါင်၊ ဒီဇင်ဘာ ၈
စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ စစ်ရှောင်နေအိမ်တွေမှာ အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေ အပါအ၀င် ဘုရားဆင်းတုတော်ပါမကျန် ခိုးယူခံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လွိုင်ကော်မြို့ရဲ့ နေရာအများစုကို စစ်ကောင်စီက ပြန်လည်နေရာယူထားပြီးနောက် ညောင်ရွှေမြို့နယ်နဲ့ အခြားမြို့နယ်ဘက်တွေမှာ စစ်ရှောင်နေကြတဲ့ပြည်သူတွေ နေရပ်ပြန်နေကြဖို့ ဖိအားပေးနေတာကြောင့် ရှေ့ပြေးအနေနဲ့ နေအိမ်ကို ပြန်လည်သွားရောက်ခဲ့ကြရာမှာ မော်တော်ကားနဲ့ ဆိုင်ကယ် အပါအ၀င် အိမ်တွင်းပစ္စည်းတွေ ခိုးယူခံထားရတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သယ်လို့မကုန်သေးတော့ အိမ်ရှင်တွေ ပေးမဝင်သေးဘူး၊ ဒေါဥခူနဲ့ မှုံပြာ ရပ်ကွက်ကအိမ်တွေ အဆိုးဆုံးပဲ၊ ဘာပစ္စည်းမှ မကျန်တော့ဘူး၊ အိမ်မှာဆို ဘုရားဆင်းတုတော်တောင်မချန်ဘူး ခိုးသွားတယ်၊ ခိုးထားတဲ့ထမင်းအိုး၊ ဟင်းအိုး၊ သုံးမိနစ်အိုးတွေကို ချယ်ရီကုန်းမှာ ပေါ်တင်ထိုင်ရောင်းနေကြတယ်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်အရ လွိုင်ကော်တက္ကသိုလ်အနီးအနားက ရပ်ကွက်တွေမှာ သူခိုးတွေနဲ့စစ်ကောင်စီတွေပေါင်းပြီး ပစ္စည်းခိုးယူတာတွေပြုလုပ်နေကာ မူးယစ်ဆေး၀ါးသုံးစွဲနေသူတွေကို အိမ်တွင်းပစ္စည်းတွေ သယ်ထုတ်ခိုင်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။
လွိုင်ကော်တက္ကသိုလ်အနီးအနားက ရပ်ကွက်တွေဖြစ်ကြတဲ့ ဒေါဥခူ၊ နာနတ်တော၊ နောင်ယား၊ ထေးငှားလျား စတဲ့ ကျေးရွာရပ်ကွက်တွေဘက်မှာ နေအိမ်ဖောက်ထွင်းခိုးယူမှုတွေ အများအပြား ကြုံတွေ့နေရတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က ညောင်ရွှေမြို့နယ်ဘက် စစ်ရှောင်နေကြတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ် ကျေးရွာအုပ်ချုပ်ရေးမှူးကခေါ်ယူကာ လာမယ့် ၂၀၂၅ ခုနှစ် မတ်လမတိုင်ခင် နေရပ်ကိုအပြီးပြန်နေကြဖို့နဲ့ အိမ်ရှင်တွေလည်း စစ်ရှောင်ပြည်သူတွေကို အိမ်ငှားခွင့် မပြုတော့သလို ဘုန်းကြီးကျောင်းတွေမှာလည်း နေခွင့်မပြုတော့ဘူးလို့ အမိန့်ထုတ်ထားပါတယ်။ အခြားမြို့တွေမှာ စစ်ရှောင်နေကြတဲ့ လွိုင်ကော်မြို့ဒေသခံတွေကိုလည်း အလားတူနေရပ်ပြန်နေဖို့ ဖိအားပေးပြောဆိုတာတွေ ရှိနေပါတယ်။
လွိုင်ကော်မြို့မှာ လေကြောင်းက ဗုံးကြဲခံရတာနဲ့ လက်နက်ကြီးထိပြီး ပျက်စီးခဲ့တာတွေကြောင့် ပြန်လည်နေထိုင်စရာ အိမ်မရှိတော့တဲ့ဒေသခံတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီအနေနဲ့ ၎င်းတို့ပြန်လည်ရယူထားတဲ့နေရာတွေမှာ ပြည်သူတွေ ပြန်လည်နေထိုင်ကာ စည်ကားလာဖို့နဲ့ အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်ကြောင်း ပြနိုင်ဖို့အတွက် စစ်ရှောင်တွေနေရပ်ပြန်ဖို့ အခုလိုဖိအားပေးနေတာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
CJ- 017
#MekongNews
#လွိုင်ကော်
#စစ်ရှောင်
#နေအိမ်တွေ
#ပစ္စည်းဥစ္စာတွေ
#ခိုးယူခံနေရ








