မဲခေါင်၊ ဒီဇင်ဘာ ၇
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလအတွင်း ‘ဝ’တပ် UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နယ်၊ ဖောင်ဆိပ်ဂိတ်ကနေ ကိုးကန့်ဒေသဘက်ကို ကုန်ပစ္စည်းသယ်ယူခွင့် တားမြစ်ပြီးနောက် နိုဝင်ဘာနောက်ဆုံးပတ်မှစတင်ကာ ဖောင်ဆိပ်ဂိတ်ကနေ စားသောက်ကုန် သယ်ယူခွင့်ကို ကိုးကန့်က ပြန်ပိတ်ခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။
နှစ်ဖက် အပြန်အလှန်ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်တာကြောင့် မှောင်ခိုဈေးကွက်ဖြစ်ပေါ်ကာ ဒေသတွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ကုန်စည်ရှားပါးမှုဒဏ်ကို ဒေသခံတွေသာရင်ဆိုင်နေကြရတယ်လို့နေကြရပါတယ်။
“ အသားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေကို ဂိတ်တွေရှောင်ပြီး ဟိုပန်ဘက်သွားရောင်းတော့ဈေးပိုရသလို ကုန်ကျစရိတ်လည်း ပိုကြီးတာပေါ့၊ ဒီဘက်ကနေ ဟိုဘက်ကိုဆေးဝါးတွေ၊ ကုန်ခြောက်တွေ ပြန်သယ်လာတာရှိတယ်၊ သူလည်း မှောင်ခိုလမ်းကြောင်းကနေပဲပြန်သယ်လာရတော့ ဒီဘက်ရောက်တော့ ဈေးပိုကြီးသွားတာပေါ့”လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
MNDAA အနေနဲ့လည်း ဟိုပန်မြို့အထွက်ဝင်ပေါက်တွေမှာ ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေလုပ်ဆောင်နေပြီးတပိုင်တနိုင်သယ်ဆောင်လာသူတွေ ခွင့်ပြုပေးနေပေမယ့်စီးပွားဖြစ် သယ်ဆောင်လာသူတွေတော့ဖြတ်သန်းခွင့်မပြုဘူးလို့သိရပါတယ်။
လက်ရှိမှာ ကိုးကန့်နဲ့ ‘ဝ’ဒေသ နှစ်ခုစလုံးမှာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ ကုန်ပစ္စည်းရှားပါးတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းရှားပါးတာကို ဒေသခံတွေရင်နေရပြီး လူထုဖူလုံအောင်စားသောက်နိုင်ဖို့ နှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ ဒေသခံတွေကမျှော်လင့်နေကြပါတယ်။
တရုတ်အစိုးရဟာ ကိုးကန့်တပ် ( MNDAA) ထိန်းချုပ်ဒေသတွေဘက်ကို လက်နက်ခဲယမ်း နဲ့ဆေးဝါးတွေတင်ပို့ ရောင်းချနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ UWSA ဒေသရှိဂိတ်တွေကနေ ကိုးကန့်နဲ့တအာင်းဒေသဖက်ကို ကုန်ပစ္စည်းတင်ပို့မှုပိတ်ပင်ထားသလို MNDAAနဲ့ TNLAဘက်ကလည်း ပြန်လည်ပိတ်ပင်တာတွေ ပြုလုပ်နေတာပါ။
CJ-003
#MekongNews
#MNDAA
#ဝတပ်
#အပြန်အလှန်
#ကုန်ပစ္စည်း
#သယ်ခွင့်ပိတ်ပင်








