မိုင်းပန်မှာ စစ်ကောင်စီက တင့်ကားတွေနဲ့ အင်အားပြနေ
RCSS နဲ့ တိုက်ပွဲဖြစ်မှာ ဒေသခံတွေ စိုးရိမ်
မဲခေါင်၊ ဒီဇင်ဘာ ၆
ရှမ်းတောင် မိုင်းပန်မှာ စစ်ကောင်စီက သံချပ်ကာ ကားတွေနဲ့ အင်အားပြလှုပ်ရှားရာမှာ RCSSရဲ့ ဆက်ဆံရေးရုံး ပိတ်နေတာကြောင့် RCSSဘက်က အခြေအနေ တင်းမာလာနေတယ်လို့ ဒေသခံတွေယူဆကာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
မနေ့က (ဒီဇင်ဘာ၅) မိုင်းပန်က စကခ(၁၇)မှူး ကိုယ်တိုင် ကြီးကြပ်တဲ့ သံချပ်ကာ သုံးစီးနဲ့ စစ်အင်အား ၆၀ ခန့်ဟာ အင်အားပြတဲ့အနေနဲ့ မြို့ပေါ်၊ နောင်ဝိုးနဲ့ နားမွန်ကျေးရွာ အုပ်စုတွေဘက်မှာ လှုပ်ရှားခဲ့ပြီး လက်ရှိအချိန်အထိ အသင့်အနေအထားရှိနေခဲ့လို့ မြို့လူထုတွေ စိုးရိမ်တာလို့ သိရပါတယ်။
“ မနက်က ဗိုလ်မှူးစိုင်စင်ဆီသွားတာ ရှမ်းဆက်ဆံရေးရုံး မီးမထွန်းဘဲပိတ်ထားပြီး လူမရှိဘူး၊ မြို့ထဲလဲစစ်တပ်က တင့်ကားနဲ့ စကခမှူးကိုယ်တိုင်ပါတော့ အင်အားပြခြိမ်းခြောက်တာလို့ မြင်ပြီး လူထုက တိုက်ပွဲဖြစ်လာမှာကို ကြောက်ကြတာ” လို့မိုင်းပန်ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရှမ်းနှစ်သစ်ကူးနေ့ ဒီဇင်ဘာ ၁ ရက်ကမိုင်းပန်တောင်ဘက် မိုင်၂၀ခန့် ဝေးတဲ့နားမွန်အုပ်စုမှာ ဒေသခံ ရှမ်းလူထုနဲ့အတူ RCSS ဥက္ကဌ ကိုယ်တိုင် နှစ်သစ်ကူးပွဲပြုလုပ်ခဲ့တဲ့အပေါ်ပြန်ပြီး အင်အားပြတာလို့ သူကပြောပါတယ်။
အခြားဒေသခံတစ်ဦးကတော့ “မြောက်ပိုင်းမှာ ငြိမ်နေလို့RCSSဘက်ကို လှည့်လာတာလို့မြင်တယ်၊ ပြီးတော့ လူထုနဲ့ RCSSနဲ့စည်းရုံးတာကိုလည်း မကြိုက်တာပါမယ်” လို့ ပြောပါတယ်။
လက်ရှိ မိုင်းပန်က စစ်ကောင်စီ တပ်တွေမှာ အင်အားနည်းပါးနေလို့ ကားနဲ့ ညပိုင်းကင်းလှည့်တာလုပ်နေသလို ခုလို တင့်ကားပတ်ပြနေတာလို့ လူထုက ယူဆကြပါတယ်။
မိုင်းပန်မြို့က ပြည်သူ့စစ်မှုထမ်း ကောက်ယူမှုမှာလည်း ပထမအကြိမ်သာ ၁၅သိန်းနဲ့ လူငှားထည့်ကြပြီး နောက်ပိုင်း ရှိသမျှလူငယ်တွေ RCSS ထဲ ဝင်ကုန်လို့လူမရဘူးဆိုပြီး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ထွေအုပ်ကိုပြောပြီး ဆက်လက်ကောက်ခံတာမရှိဘူးလို့ သိရပါတယ်။
“ခုလို တင်းမာလာတာ အထက်ပိုင်းတွေ မဆွေးနွေးရင်တော့ ပေါက်ကွဲမှုဖြစ်ရင် မြို့ကြေမှာ၊ လူထုကတော့ ငြိမ်းချမ်းစေချင်တာပေါ့၊ ခုကထိုင်းနယ်စပ် ဟိုမိန်းဘက်က အရင်ရှမ်းကုန်းတွေ ဝတွေ ယူထားတဲ့ကိစ္စလဲပါသလို ပင်းတယဘက်ကိစ္စလဲဖြစ်လာနေတော့လေ” လို့အခြားဒေသခံတစ်ဦးက ပြောပါတယ်။
အတည်မပြုနိုင်တဲ့သတင်းအရ ဒီဇင်ဘာလ၂ ရက်က ပင်းတယမြို့ အရှေ့ဘက် နတ်အင်းကျေးရွာမှာ စစ်ကောင်စီနဲ့ RCSS တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မိုင်းပန်အခြေအနေနဲ့ပတ်သက်ပြီး RCSSက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို မဲခေါင်သတင်းဌာနအနေနဲ့ RCSS ပြောရေးဆိုခွင့်ရှိသူတွေထံ ကြိုးပမ်းဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
မိုင်းပန်နဲ့လင်းခေးဟာ RCSSရဲ့ စစ်အုပ်ချုပ်ရေးဒေသအမှတ် (၁၀၁)ရဲ့ နယ်မြေ(၁)ဖြစ်တယ်လို့ သိရပြီး မိုင်းပန်မြို့နယ်ထဲက ဟိုမိန်းမြို့ရဲ့ ထိုင်းနယ်စပ် လွိုင်တိုင်းလျန်းမှာ RCSS ဌာနချုပ် တည်ရှိနေတာ ဖြစ်ပါတယ်။
MK-012
#MekongNews








