အီနိုင်းတံတားပြုပြင်နေစဉ် ဝါးဖေါင်နဲ့ ချောင်းကူးခ ကားတစ်စီး ကျပ် ၁၈၀၀၀၀ ပေးရ
ခရီးသွားတွေ အခက်ကြုံနေ
မဲခေါင်၊ ဒီဇင်ဘာ ၅
ရှမ်းပြည်မြောက်ပိုင်း နမ္မတူနဲ့ လားရှိုးကြား ဆက်သွယ်ထားတဲ့ အီနိုင်းတံတားကို ပြန်လည်ပြုပြင်နေတာကြောင့် ဒေသခံတွေ ဝါးဖောင်နဲ့သာ ကူးသန်းသွားလာနေရပြီး ကားကူးခ တစ်ကြိမ်ကို ကျပ်၁၈၀၀၀၀အထိ ပေးဆောင်နေရတာကြောင့် ခရီးသွားတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
အီနိုင်းတံတားကို ပလောင်တပ် PSLF/ TNLA က ပြီးခဲ့တဲ့ နို၀င်ဘာ ၂၈ ရက်က စတင်ပြုပြင်နေတာဖြစ်ပြီး တံတားပြုပြင်တဲ့ လုပ်ငန်းတွေမပြီးစီးသေးတာကြောင့် တံတားအောက်ချောင်းမှတဆင့် ဝါးဖောင်နဲ့ လူ၊ ကား၊ မော်တော်ဆိုင်ကယ်တွေ တင်ဆောင်ဖြတ်သန်းနေရတာပါ။ အခုလို ချောင်းဖြတ်ကူးရာမှာ ဖောင်တစ်ခါကူးရင် ကားအမျိုးအစားပေါ်မူတည်ပြီး ငွေ ကျပ်တစ်သိန်းကနေ တစ်သိန်းရှစ်သောင်းအထိပေးဆောင်ရပြီး ဆိုင်ကယ်တစ်စီးကို ကျပ်၃၀၀၀နဲ့ လူတစ်ဦးကျပ် ၁၀၀၀ ပေးဆောင်ရတယ်လို့ ဖြတ်သန်းသွားလာနေသူ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
“ချောင်းက သိပ်မကျယ်ပါဘူး၊ အဓိက ၀ါးဖောင်ဆွဲတာကလည်း ဒေသခံတွေပါပဲ၊ ဖြတ်ကူးခလည်း သူတို့ပဲသက်မှတ်တာပေါ့၊ အီနိုင်းတံတားဖြတ်ကူးတာက နမ္မတူနဲ့ သီပေါသွားတဲ့ဘက်ပေါ့ အဲကြားထဲမှာသုံးတာ၊ အဓိက လားရှိုးမြို့ကနေ နမ်မတူသွားတဲ့တံတားပေါ့” လို့ခရီးသည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
တချို့အချိန်တွေမှာတော့ ဖြတ်သန်းသွားလာသူ များပြားရှိနေပြီး ငွေပိုပေးနိုင်တဲ့ကားတွေကို ဦးစားပေး တင်ဆောင်ကာ ဆိုင်ကယ်နဲ့ လူတွေက အချိန်ကြာမြင့်စွာတန်းစီ စောင့်ဆိုင်းနေရတာတွေကြောင့် အခက်အခဲကြုံရတယ်လို့ နေ့စဉ်ဖြစ်သန်း သွားလာနေရသူတစ်ဦးက ပြောပါတယ်။
သူက “လားရှိုးမှာ ဆောက်လုပ်ရေးအလုပ်သွားလုပ်ရတာပေါ့၊ တစ်ရက်ကို နှစ်သောင်းကျော်လောက်ရတယ်၊ ဆိုင်ကယ်ဖြတ်ခ သုံးထောင်၊ လူနဲ့ဆို တစ်ခေါက်ဖြတ်လေးထောင်ပေးရတယ်၊ အသွားအပြန် ရှစ်ထောင်လောက်ကုန်တယ်၊ ဒါတောင် ဆိုင်ကယ်ဓာတ်ဆီခမပါသေးဘူး၊ ရတဲ့ဟာနဲ့ဘာမှမကျန်တော့ဘူး၊ အခက်အခဲဖြစ်ရတယ်”လို့ဆိုပါတယ်။
အီနိုင်းတံတားကို ပိုမိုခိုင်မာအောင် ပြုပြင်နေသလို နမ္မတူနဲ့ သီပေါကိုဆက်သွယ်ထားတဲ့ မိုးတေတံတားကိုလည်း ပြုပြင်နေတာဖြစ်လို့ နမ္မတူကနေပြီး သီပေါကိုလည်းဖြတ်သန်းသွားလာလို့ မရသေးဘူးလို့ သိရပါတယ်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မနက် ၃ နာရီခန့်က အီနိုင်းတံတား မိုင်းခွဲဖျက်ဆီးခံရတယ်လို့ VRLNကဖေါ်ပြထားပါတယ်၊ MPA ကတော့ အီနိုင်းတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
CJ- 017
#MekongNews








