ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီနဲ့ TNLA အပြန်အလှန် ပိတ်ပင်
ဒေသခံတွေ အဆင်မပြေ
မဲခေါင်၊ ဒီဇင်ဘာ ၄
ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မူဆယ်-နမ့်ခမ်းမြို့တွေမှာ စစ်ကောင်စီနဲ့ တအောင်းတပ် TNLA တို့ရဲ့ နှစ်ဖက် အပြန်အလှန်ကန့်သက်ချက်တွေကြောင့် ဒေသခံတွေအနေနဲ့ အခြားဂိတ်ပေါက်တွေ အသုံးပြုနေကာ ကုန်စည်ပို့ဆောင်ရတာကြောင့် ခက်ခဲကြန့်ကြာနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နို၀င်ဘာ ၂၇ ရက်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မူဆယ်မြို့ကနေ နမ့်ခမ်းမြို့ဘက်ကို ကုန်ပစ္စည်း သယ်ယူခွင့် ပိတ်ပင်လိုက်ပြီးနောက် တအောင်းတပ် TNLA ဘက်ကလည်း ဒီဇင်ဘာ ၁ ရက်က စတင်ပြီး နမ့်ခမ်းမြို့ကနေ မူဆယ်ဘက်ကုန်ပစ္စည်းသယ်ယူခွင့်ကို ပြန်ပိတ်ထားလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက မူဆယ်ဘက်ကနေ နမ့်ခမ်းကို စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ထားပြီး TNLA ဘက်ကတော့ ကုန်စိမ်း၊ သီးနှံလိုမျိုးစားသောက်ကုန်တချို့ကိုသာ မူဆယ်ဘက်ကို အသွင်းခံပါတယ်။
ဒေသခံတွေကတော့ ကုန်ပစ္စည်းသယ်ယူတာတွေကို နမ့်ခမ်းရဲ့မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ဂိတ်ပေါက်နှစ်ပေါက်နဲ့ တခြား၀င်ထွက်ပေါက်တွေကနေ သယ်ဆောင်နေရတာကြောင့် ခက်ခဲကြန့်ကြာတာတွေရှိနေခဲ့တာပါ။
“ အဲလိုသွားလို့ ရတဲ့လမ်းကြောင်းတွေကို သတင်းဌာနတွေကလိုက်ဖော်တော့ စစ်ကောင်စီက လိုက်လိုက်ပိတ် နေတာ၊ အဲဒါကြောင့် ပိုဒုက္ခရောက်နေတယ်၊ အခု” လို့ဒေသခံက ပြောပါတယ်။
TNLA ဘက်က နမ့်ခမ်းမြို့မှ မူဆယ်သို့ ကုန်ကားတွေဖြင့် ပစ္စည်းသယ်ယူခွင့်ကို ပိတ်ထားပေမယ့် အသွားအလာ တင်းကြပ် တာတွေမရှိဘဲ စားသောက်ကုန်တွေကိုတော့ တနိုင်သယ်ယူခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ရွှေလီမြို့က တာ၀န်ရှိသူတွေညှိနှိုင်းပြီး ကျင်စန်းကျော့ဂိတ်ကို ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ပြန်ဖွင့်လိုက်ပါတယ်။ ဒါပေမယ့် တရုတ်ဘက်က သွင်းလာတဲ့ပစ္စည်းတွေကို မြန်မာဘက်က ပြန်စစ်ဆေးကာ တချို့ပစ္စည်းတွေကို အပြီးသိမ်းဆည်းတွေလုပ်ဆောင်နေပြီး ကုန်သွယ်လုပ်ငန်း လုပ်ကိုင်နိုင်တဲ့အခြေအနေမျိုးတော့ မဖြစ်သေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က အ၀တ်အထည်၊ လျှပ်စစ်ပစ္စည်းသယ်ယူခွင့်တွေကို ကန့်သက်ထားသလို တရုတ်နယ်စပ်ဂိတ်တွေကနေ ရှမ်းမြောက်ဘက်မြို့တွေကို စားသောက်ကုန်အပါအ၀င် အခြားကုန်ကုန်ပစ္စည်း သယ်ယူခွင့်ကိုပါ ထပ်မံကန့်သက်ထားတာပါ။
CJ-017
#MekongNews








