မဲခေါင်၊ နိုဝင်ဘာ ၂၉
ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ပအိုဝ်းဒေသ၊ ထီဖက်နမ်ကျေးရွာမှာ စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ PNO ပြည်သူ့စစ်က ရွာသားတွေကိုဖမ်းဆီးထားပြီး အိမ်တွေကို မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ (နိုဝင်ဘာ ၂၉) မှာ ထုတ်ပြန်ပါတယ်။
မနေ့ နိုဝင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီနဲ့ PNO က ထီဖက်နမ်ဒေသခံ ၄ ဦးကို အဆိုပါရွာက PNO ပြည်သူ့စစ်ရုံးမှာ ဖမ်းဆီးထားပြီး ဒေသခံတွေရဲ့ နေအိမ် ၃ လုံးကိုမ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ PNLA ထုတ်ပြန်ချက်က ဆိုပါတယ်။
“ဒီနေ့မနက်မှာပဲ ဒရုန်းနဲ့ကြဲ၊ လက်နက်ကြီးနဲ့ပစ်တာ ရှိပါတယ်။ မနေ့က တစ်အိမ်နဲ့ ဒီမနက် နှစ်အိမ် မီးရှို့ပြီး ရွာသား ၄ ဦးကိုလည်း PNO ရုံးကို ခေါ်သွားပါတယ်” လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်းရိန်းယံ က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပအိုဝ်းရဟန်းတော် သံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပစ်ပယ်ပြီး ဟိုနမ့်ဒေသမှာ တိုက်ပွဲဖော်ဆောင်လာတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ လက်ရှိမှာ ပအိုဝ်းပြည်သူတွေကို ဖမ်းဆီးတာတွေ၊ ပအိုဝ်းပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေဟာ ပအိုဝ်းလူမျိုးခေါင်းဆောင်တွေအနေနဲ့ လူမျိုးအတွက်သေချာ စဥ်းစားလုပ်ဆောင်သင့်ပြီ လို့ သူက ဆက်ပြောပါတယ်။
ဒီနေ့မှာ ဆီဆိုင်မြို့နယ် နောင်ဟိုင်းရွာမှာတိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့လို့ နောင်ဟိုင်း ဘုန်းတော်ကြီးကျောင်း လက်နက်ကြီးကျည်ထိမှန်ပြီး ဘုရားစေတီနဲ့ ကျောင်းဆောင်တချို့ ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်းတစ်ခုက ရေးသားပေမယ့် သူ့အနေနဲ့ မသိရှိသေးကြောင်း ဆိုပါတယ်။
စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ PNLO နယ်မြေတွေကို စစ်ကြောင်းထိုး တိုက်ခိုက်နေလို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။
MK-012
#MeKongNews
#စစ်ကောင်စီ
#ပအိုဝ်း
#ပြည်သူ့စစ်
#ဟိုနမ့်ဒေသ
#မီးရှို့
#ဒေသခံ








