မိုင်းလား စုပေါင်းအဝေးပြေးကားဂိတ်ကို ဖွဲ့စည်းလိုက်ပြီး တစုတစည်းတည်း စီမံခန့်ခွဲသွားမယ်
မဲခေါင်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်အရှေ့ပိုင်း၊ NDAA မိုင်းလားက အထူးဒေသ ၄ စုပေါင်း အဝေးပြေးကားဂိတ်ကို ဖွဲ့စည်းလိုက်ပြီး ယာဉ်လိုင်းတွေကို တစုတစည်းတည်း စီမံခန့်ခွဲသွားမယ်လို့ နိုဝင်ဘာ ၂၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
တရားမဝင်ယာဥ်လိုင်းပြေးဆွဲ ကုန်ကူးမှုတွေကို ထိရောက်စွာ တိုက်ဖျက်ဖို့ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၅ ရက်က စုပေါင်းအဝေးပြေးဂိတ်ကို တည်ထောင်လိုက်တာဖြစ်ပြီး မိုင်းလား ဇီးရိုးမိုင်မှာ ကားတွေ တစ်စုတစ်စည်းတည်း ရပ်နားပြေးဆွဲရမယ်လို့ ဆိုပါတယ်။
လက်ရှိ ပြေးဆွဲနေတဲ့ကားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ မတိုင်မီ စုပေါင်းအဝေးပြေး ကားဂိတ်ကို လာရောက် စာရင်းသွင်းဖို့၊ ပြေးဆွဲခွင့်လက်မှတ်ရယူဖို့နဲ့ ယာဥ်စစ်ဆေးခံဖို့ အသိပေးပါတယ်။
လာမယ့် ဒီဇင်ဘာ ၁ ရက်က စပြီး အဓိက လမ်းမကြီးနဲ့ စစ်ဆေးရေးဂိတ်တွေမှာ အဖွဲ့စုံနဲ့ မှောင်ခိုပြေးဆွဲတာ၊ စည်းကမ်းမဲ့ ယာဥ်ရပ်တာတွေနဲ့ သတ်မှတ်လမ်းကြောင်းတွေအတိုင်း မပြေးဆွဲတာတွေကို အရေးယူသွားမယ်လို့ ပါရှိပါတယ်။
“အခုက အသိကားနဲ့လိုက်တာမျိုး၊ ဂိတ်ကို Taxi နဲ့ သွားစီးမှရတာမျိုးတွေ လုပ်မှာဆိုရင် ကားခလဲ တပြေးညီဖြစ်သွားမယ် ယူဆရတယ်” လို့ မိုင်းလား ဝမ်ချိုရပ် နေသူတစ်ဦးက မဲခေါင်သတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။
ယခင်က မိုင်းလား-ကျိုင်းတုံကို ယွမ် ၁၅၀ ကျပြီး အိမ်အထိ လာခေါ်လို့ အဆင်ပြေတယ်လို့ ဆိုပါတယ်။
လက်ရှိ မိုင်းလားမှာ ကားအများစုက ရွှေညောင်ပင်နေရာနဲ့ မြို့လယ်ခေါင် ၅၁၈ ဗမာတန်း မြို့ပတ်လမ်းမှာ ကားထိုးရပ်နားကြကြောင်း သိရပါတယ်။
မိုင်းလား-ကျိုင်းတုံ အသွားအပြန်ကို မိုင်လားအဝင်အထွက်အတွက် ရှမ်းဂိတ်မှာ ယွမ် ၄၀ ဆောင်ရပြီး သွားလာခွင့်ရနေတာဖြစ်လို့ အခုသတ်မှတ်လိုက်တဲ့အပေါ် ကျိုင်းတုံက လိုင်းကားနဲ့ အလွတ်ကားတွေပါ မိုင်းလားစုပေါင်းဂိတ်မှာ ထပ်မံလိုင်းဝင် ပြေးဆွဲခွင့် ရယူရမှာ ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။
MK-012
#MeKongNews








