မဲခေါင်၊ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မထောစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေ မနေ့ (နိုဝင်ဘာ ၂၂) မှာ သိမ်းပိုက်လိုက်တယ်လို့ KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။
ဒီစခန်းသိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က သေဆုံးတွေရှိပေမယ့် စာရင်းကောက်နေလို့ မထုတ်ပြန်နိုင်သေးပါဘူး။ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ မူတြော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံမှာ ခြေမြန်တပ်ရင်း ခမရ-၄၀၇၊ ခမရ-၄၀၈ နဲ့ ခမရ-၄၀၄ တပ်တွေ အခြေပြုတပ်စွဲထားတာလို့ မူတြော်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီစခန်းဟာ မဟာဗျူဟာအရ အရေးကြီးတဲ့စခန်းလို့ သိရပါတယ်။
ဖာပွန်မြို့ပတ်လည်မှာ ရှိတဲ့ စစ်ကောင်စီစခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေဟာ ဆက်တိုက်သိမ်းယူနေတာပါ။
မြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်စခန်း၊ မြို့နဲ့ ၇ မိုင်ခန့်ဝေးတဲ့ ကူးဆိပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီလအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး ယခု မထောစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တာပါ။
#MeKongNews
#စစ်ကောင်စီ
#မထောစခန်း
#ခေါပုတ်
#ကူးဆိပ်
#ကရင်
#KNLA








