စစ်ကောင်စီနဲ့ PNO ပွန်ချောင်းတံတားကို ဗုံးကြဲပြီး PNLOနယ်မြေကို ကျူးကျော်လာတာကြောင့် တိုက်ပွဲဖြစ်ပွားနေ
မဲခေါင်၊ နိုဝင်ဘာ ၂၀
စစ်ကောင်စီတပ်နဲ့ PNOပြည်သူ့စစ်အဖွဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပွန်ချောင်းတံတားကို ဒီကနေ့( နိုဝင်ဘာလ ၂၀) မနက်ပိုင်းက လေယာဉ်နဲ့ ဗုံးကြဲပြီး PNLOနယ်မြေကို ကျူးကျော်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ထံကနေ သိရပါတယ်။
စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဒီကနေ့ မနက် ၁၀နာရီ၊ ၃၀မိနစ် ဝန်းကျင်အချိန်မှာ PNLO နယ်မြေအတွင်းရှိ အများပြည်သူအသုံးပြုနေတဲ့ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်း တံတားကို လေယာဉ်နဲ့ ဗုံးသုံးကြိမ် ကြဲချခဲ့တယ်လို့ သိရပါတယ်။
“မြေပြင်အခြေအနေကတော့ အသေးစိတ်မသိရသေးပါဘူး၊ ပွန်ချောင်းတံတားအနီးမှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်၊ လက်ရှိအနေအထားအရ ဒီလောက်ပဲပြောလို့ရပါသေးတယ်” လို့ PNLOရဲ့ စစ်ဖက်ဆိုင်ရာသတင်းပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ထိန်းချုပ်ထားတဲ့ ဒေသ၊ လှုပ်ရှားနေတဲ့ ဒေသတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာဖြစ်တဲ့အတွက် အခုလို တိုက်ပွဲဖြစ်ပွားရတာ ဖြစ်တယ်လို့ ခွန်ရိန်းယံကပြောပါတယ်။
စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အကြောင်းရင်းမရှိပဲ PNLO နယ်မြေကို ဒီကနေ့ မနက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာကြောင့် ဟိုနမ့်-ဆိုက်ခေါင် ပွန်ချောင်းတံတားအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ လက်ရှိအချိန်ထိ အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်ဖို့ လုပ်ဆောင်နေတယ်လို့လည်း PNLOက အသိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-PNLO
CJ-003
#MekongNews









