ဘန်ကောက်စစ်ရှောင်စခန်း လေကြောင်းဗုံးကြဲခံရမှု စစ်ရှောင်အမျိုးသမီးရုပ်အလောင်းတစ်ခု တွေ့ရှိ
မဲခေါင်၊ နိုဝင်ဘာ ၁၉
ဖယ်ခုံမြို့နယ်၊ လအိကျေးရွာက ၊ဘန်ကောက်စစ်ရှောင်စခန်း ဒုတိယအကြိမ်ဗုံးကြဲခံရတဲ့ မနေ့(နိုဝင်ဘာ ၁၈)က ဖြစ်စဉ်မှာ ထိခိုက်သေဆုံးခဲ့တဲ့ အမျိုးသမီးတစ်ဦး ရုပ်အလောင်းကို ရှင်းလင်းရေးပြုလုပ်ချိန်မှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က မနက်ပိုင်းမှာ စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံးငါးလုံးကြဲချခဲ့တာဖြစ်ပြီး ညနေပိုင်း ၅နာရီခွဲခန့်က ရှင်းလင်းရေးပြုလုပ်ချိန်မှသာ အမျိုးသမီးတစ်ဦး ရုပ်အလောင်းကို တွေ့ခဲ့ရတာလို့ သိရပါတယ်။
“ စစ်ရှောင်အမျိုးသမီးတစ်ဦး ဆုံးသွားပါတယ်၊ ကျနော့်အိမ်ရဲ့ နောက်ရေကန်နားမှာ ဟင်းချက်စရာတွေ ကိုင်နေရင်း ထိသွားတာပါ၊ အလောင်းကိုညနေ ၅နာရီခွဲ ၆နာရီလောက်မှာ ရှာတွေ့တာလို့ သိရတယ်ဗျ” လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ထွန်းမြန်မာ ဒိုနေရှင်းက အဖွဲ့ဝင်တစ်ဦးက မဲခေါင်ကို ပြောပြပါတယ်။
ဒေါ်မြအေး၊ အသက် ၄၆နှစ်ဟာဟင်းချက်ပြုတ်ဖို့ ရေကန်အနီး ဆေးကြောပြင်ဆင်နေစဉ်မှာ ဗုံးကြဲခဲ့တာကြောင့် အချိန်မီ ဗုံခိုကျင်းထဲမရှောင်တိမ်းနိုင်ခဲ့ပဲ ဗုံးစထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံ မီဒီယာတစ်ခုဖြစ်တဲ့ Karenni People’s Voice ကဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှု မပြုလုပ်ခင် လေယာဉ်ဝဲနေတာကို သတိထားမိခဲ့တာကြောင့် ဗုံးခိုကျင်းတွေထဲ အချိန်မီ ပုန်းခိုနိုင်ခဲ့လို့ ဘန်ကောက်စစ်ရှောင်စခန်းက ဖွင့်လှစ်ထားတဲ့ကျောင်းမှာ စာသင်ကြားနေတဲ့ မူလတန်းအရွယ် ကျောင်းသား ကျောင်းသူ ၈၀ဦး ကျော်နဲ့ ဒေသခံစစ်ရှောင်ပြည်သူအများစု အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်လို့ သိရပါတယ်။
ဗုံး ငါးလုံးထဲက ၂လုံးဟာ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးနေအိမ် တည့်တည့် ဗုံးကျခဲ့တာကြောင့် စစ်ကောင်စီဟာ ၎င်းတို့ ယုံကြည်လက်ခံထားတဲ့ ဘာသာရေးဝါဒမှိုင်း အယူအဆအမှားတွေကြောင့် အခုလို ဘာသာခြားအဆောက်အအုံတွေကို တမင်လေကြောင်းတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေ စစ်ရှောင်ပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ စပါးကျီတချို့၊ နေအိမ်လေးလုံးခန့်နဲ့ စစ်ရှောင်တဲတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဓါတ်ပုံ။ ရုပ်အလောင်းတွေ့ရှိတဲ့ စစ်ရှောင်စခန်း အများသုံးရေကန်
CJ-001
#MeKongNews








