ပြောင်းရွှေ့ခိုလှုံသူ ရှမ်းတောင်မှာ သုံးဆခန့်တိုးလာတာနဲ့အမျှ ကုန်ဈေးနှုန်းလည်း တိုးလာ
မဲခေါင်၊ နိုဝင်ဘာ ၁၉
ရှမ်းပြည်တောင်ပိုင်းမှာ ပြောင်းရွှေ့ခိုလှုံသူဦးရေ သုံးဆခန့် တိုးပွားလာတာကြောင့် နိုဝင်ဘာလအတွင်း အခြေခံစားသောက်ကုန်ပစ္စည်းတွေ မတန်တဆ ဈေးတက်လာတယ်လို့ ဈေးသည်နဲ့ ပွဲရုံပိုင်ရှင်တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရှမ်း-ကရင်နီ နယ်စပ်တစ်ကြော တိုက်ပွဲတွေကြောင့် ရှမ်းမြောက်နဲ့ ကရင်နီပြည်က လူတွေပြောင်းရွှေ့ခိုလှုံနေကြပြီး ရောင်းလိုအားနဲ့ဝယ်လိုအား မမျှမတဖြစ်နေတယ်လို့ဆိုပါတယ်။
“၉ လပိုင်းတုန်းကဆို ခရမ်းချဉ်သီး တစ်ပိဿာ ၂၅၀ ပဲရလို့လွှင့်ပစ်ကြတာလေ၊ အခုဆို တစ်ပိဿာ တစ်သောင်းနားကပ်သွားပြီ၊ ထပ်တက်မယ့်အခြေအနေရှိတယ်၊ ဈေးကွက်မှာကို ရောင်းမလောက်တာပါ၊ အောက်ပြည်ဘက်ကပေါ်မှာပဲဈေးကျမှာ” လို့ တောင်ကြီးမြို့၊ မြို့မဈေးအနီး ပွဲရုံပိုင်ရှင်တစ်ဦးကပြောပါတယ်။
အရင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေမြို့တို့မှာ ရောင်းချနေတဲ့ ဈေးနှုန်းအရ အာလူး တစ်ပိဿာ လေးထောင်ကျပ်ဝန်းကျင်၊ ပန်းဂေါ်ဖီ နှစ်ထောင်ကျပ်ဝန်းကျင်၊ အရွက် ဘာဝယ်ဝယ်ရှစ်ရာကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ လေးထောင်ကျပ်သာ ရှိခဲ့ရာက လက်ရှိမှာ အာလူးတစ်သောင်းကျပ်၊ ပန်းဂေါ်ဖီ လေးထောင်ကျပ်၊ အရွက် ၁၅၀၀ ကျပ်၊ ခရမ်းချဉ်သီး ကိုးထောင်ကျပ်အထိ ဈေးတက်လာတယ်လို့သိရပါတယ်။
ဒါ့အပြင် ပြီးခဲတဲ့လပိုင်းတွေက ဝက်သား တစ်ပိဿာ ၁၈,၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၁၂,၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ နှစ်သောင်းကျပ်သာ ရှိခဲ့ရာက လက်ရှိမှာ ဝက်သား ၃၅,၀၀၀ ကျပ်၊ ကြက်သား ၂၃,၀၀၀ ကျပ်၊ အမဲသား ၂၆,၀၀၀ ကျပ်အထိ ဈေးတက်လာတယ်လို့ ဆိုပါတယ်။
အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားအုန်းဆီကလည်း စစ်အာဏာ မသိမ်းခင်က ၂,၂၀၀ ကျပ်သာရှိခဲ့ရာက လက်ရှိမှာ ၁၄,၀၀၀ ကျပ်နဲ့ ဆန်(ရွှေဘိုပေါ်ဆန်း)ကလည်း တစ်အိတ် ခြောက်သောင်းကျပ်ကနေ ၂၂၀,၀၀၀ ကျပ်အထိပေါက်ဈေး ရှိနေပါတယ်။
“ကျနော်တို့ ရတာမှ တစ်ရက် တစ်သောင်းပဲ။ ခရမ်းချဉ်သီး ငပိချက်ဖို့တောင် ရှစ်ထောင်ရှိတယ်။ စားဝတ်နေရေးနဲ့ ကလေးတောင် မယူနိုင်သေးဘူး” လို့ တောင်ကြီးမြို့တွင်း ပန်းရံလုပ်သားတစ်ဦးက ပြောပါတယ်။
အလားတူ တရုတ်နယ်စပ်မှာလည်း တရားမဝင် ကုန်သွယ်ရေးဂိတ်တွေ ပိတ်ဆို့လိုက်ပြီး နောက်ပိုင်း တရားဝင်လမ်းကြောင်းက ဝင်ရောက်နေရပြီး အခွန်နှုန်းထားတွေကြောင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွေလည်း ဈေးနှုန်းလိုက်တက်နေပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ရှမ်းမြောက်ဒေသကို ဖြတ်လေး ဖြတ်နဲ့ ပိတ်ဆို့ထားတာကြောင့် နေ့စဉ်နဲ့အမျှ ရှမ်းတောင်ဒေသကိုပြောင်းရွှေ့နေထိုင်သူတွေ များနေပြီး နောက်ဆက်တွဲ ကုန်ဈေးနှုန်းတက်မှု ဂယက်ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၊ စစ်ဘေးရှောင်စခန်း၊ ထောင်ဝင်စာပို့သူ၊ အခြေခံလက်လုပ်လက်စား၊ တစ်နိုင်တစ်ပိုင် အစားအသောက်ရောင်းချသူများအတွက် စားဝတ်နေရေး ပိုရုန်းကန်လာရတယ်လို့ သိရပါတယ်။
လက်ရှိ ကုန်ဈေးနှုန်း ပြန်ကျဖို့အတွက် မြေပြင်တိုက်ပွဲ အခြေအနေ၊ တရုတ်နဲ့စစ်ကောင်စီဆက်ဆံရေး၊ တရုတ်ရဲ့ တိုင်းရင်းသားလက်နိုင်ကိုင်များ (EROs)အပေါ်သဘောထား၊ သဘာဝဘေးအန္တရာယ် စတဲ့အခြေအနေတွေအပေါ် မူတည်နေတယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။
ဓါတ်ပုံ။ မဲခေါင်၊ တောင်ကြီးမြို့တနေရာ၊ ပုံဟောင်း
MK-14
#MeKongNews
#ရှမ်းပြည်တောင်ပိုင်း
#သုံးဆခန့်တိုးလာ
#ကုန်ဈေးနှုန်းတက်
#ပြည်သူတွေအခက်တွေ့လာ








